ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲပြီးသွားတဲ့နောက် အနိုင်ရ BJT ပါတီရဲ့မူဝါဒတွေနဲ့လုပ်ရပ်တွေဟာ မြန်မာ အလုပ်သမားတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြတဲ့သူတွေအပေါ် ရိုက်ခတ်လာနိုင်မလားဆိုတဲ့မေးခွန်းတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲရလဒ်ကို တရားဝင်မကြေညာသေးပေမယ့် လက်ရှိထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာ ကူလ် (Anutin Charnvirakul) ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်း (Bhumjaithai-BJT) ပါတီအနိုင်ရပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့လပိုင်းက ထိုင်းအမျိုးသားရေးလှုပ်ရှားသူတချို့က ထိုင်းရောက်နေတဲ့ မြန်မာတွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ပစ်မှတ်ထားဖော်ထုတ်တာတွေအပြင် မြန်မာနိုင်ငံသား တွေကို ဖမ်းဆီး စစ်ဆေးတာတွေကြောင့်လည်း စိုးရိမ်စိတ်တွေဖြစ်ခဲ့ကြပါတယ်။
“ အိမ်ရှင်ရဲ့အခြေအနေ အိမ်ရှင်ရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေရမှာပေါ့နော်။ အစ်မဆိုရင် ဘန်ကောက်မြို့လယ်ခေါင်လိုနေရာမျိုးမှာနေတယ်။ နေတယ်ဆိုတာ အလုပ်လုပ်တယ်ပေါ့ အဲဒီလိုဆို တော့ ပုလိပ် (ထိုင်းရဲ) စစ်တာမျိုးတွေတော့ကြုံရတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးကြီးရမ်းကားပြီးတော့ ရိုက်နှက် ပြီးတော့ဖမ်းဆီးစစ်ဆေးတာမျိုးတွေတော့မကြုံဖူးသေးဘူး။ အဲဒီလိုမျိုးတွေကလည်း အဓိကက တရားဝင်ဖြစ်နေဖို့က ပိုပြီးအရေးကြီးတယ်လို့ အစ်မမြင်တယ်”
ဘန်ကောက်မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့ မအိအိ ပြောသွားတာပါ။
ရွေးကောက်ပွဲအနိုင်ရထားတဲ့ ထိုင်းဝန်ကြီးချုပ်အနူတင်နဲ့ သူ့ပါတီရဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေ ဟာ အပြောင်းအလဲမရှိနိုင်တဲ့အပြင် ထိုင်း-ကမ္ဘောဒီးယားတင်းမာမူကြောင့် အလုပ်သမားလိုနေတဲ့ အချိန်ဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကပြောပါတယ်။
“ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့တင်းမာတာဖြစ်တော့ ကမ္ဘောဒီးယားနယ်စပ်က အလုပ်သမားတွေမရဘူးဗျ။ မရတော့ မြန်မာအလုပ်သမားတွေကို အသုံးချဖို့လိုနေတာပေါ့ဗျာ။ အဲဒီအနေအထားမှာတော့ အပြောင်းအလဲများများမရှိနိုင်ပါဘူး။ Populist Policy ပေါ့ဗျာ။ နိုင်ငံခြားသားမုန်းတီးရေးတို့၊ ဘာခေါ်မလဲ အဲဒီလိုမူဝါဒနဲ့ အင်အားစုတွေတော့ရှိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ထင်တယ် အစိုးရ တစ်ခုလုံးကိုတော့ မထင်ဟပ်နိုင်ဘူး။ အစိုးရရဲ့မူကတော့ သူကအလုပ်သမားလိုတယ်။ မြန်မာနဲ့ပြေ လည်ချင်တယ်ပေါ့နော်။ ဒါပေမဲ့ ခုနကလို အုပ်စုသေးသေးလေးတွေ၊ တချို့အစွန်းရောက်တဲ့သူတွေ တော့ရှိနိုင်ပါတယ်”
၂၀၂၅ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အနူတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီဟာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေအများစုအားပေးတဲ့ပါတီဖြစ်ပါတယ်။
အဲဒီအပြင် ဘွန်ဂျိုင်ထိုင်းပါတီဟာ စီးပွားရေးလုပ်ငန်းရှင်အများစုထောက်ခံအားပေးတဲ့ပါတီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ထိုင်းအခြေစိုက် လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက RFA ကိုပြောပါတယ်။
“မစိုးရိမ်ရဘူးလို့သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပါတီက လုပ်ငန်းရှင်တွေများလို့။ သူတို့ကို အားပေးနေတဲ့သူတွေက စီးပွားရေးလုပ်ငန်းရှင်တွေများတယ်။ တနည်းအားဖြင့် အကျိုးစီးပွားကို မျှော်ကိုးပြီးတော့လုပ်တဲ့သူတွေများတဲ့အတွက် အဲဒီလူတွေအသိုင်းအဝိုင်းက ရွှေ့ပြောင်းအလုပ်သမား တွေနဲ့ထိစပ်နေတယ်။ လုပ်ငန်းခွင်တွေမှာ တနည်းနည်းနဲ့ထိစပ်နေတာပေါ့”
လက်ရှိဝန်ကြီးချုပ်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီရဲ့ မူဝါဒတွေထဲမှာ နိုင်ငံမှာတင်နေတဲ့ အစိုးရရဲ့အကြွေးကို လျော့အောင်လုပ်မယ်ဆိုတာနဲ့ အိမ်ထောင်စုတစ်ခုချင်းတင်နေတဲ့ကြွေးမြီကို လျှော်ပေးမယ်ဆိုတဲ့ အချက်တွေအပါအဝင် နယ်စပ်လုံခြုံရေးကိုဦးစားပေးမယ်ဆိုတဲ့အချက်လည်းပါဝင်နေပါတယ်။
ဒါ့ကြောင့် တရားမဝင်အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်လုပ်ငန်း) တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား တွေလည်း စစ်ဆေးခံရတဲ့အခြေအနေရှိနေဦးမယ်လို့ ဦးခိုင်ကြီးက ခန့်မှန်းပါတယ်။
