ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာ စျေးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ စစ်ကော်မရှင် လေတပ်က ဂျက်တိုက်လေယာဥ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ် အပါအဝင် ဈေးရောင်း ဈေးဝယ်နေတဲ့ အရပ်သား ပြည်သူ ၁၇ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် အာရက္ခတပ်တော် AA က ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူ ၁၇ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး ပါဝင်ပြီး ဒီအထဲက ၁ ဦးမှာ အသက် ၆ နှစ်ပဲ ရှိသေးကြောင်း သိရသည်။ ဒဏ်ရာရရှိသူ ၁၅ ဦးထဲမှာလည်း အသက်မပြည့်သေးတဲ့ ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။
ယိုးငူကျေးမှာ စစ်ဘေးဒုက္ခသည် အများအပြား ခိုလှုံနေထိုင်ကြပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွာလို့လည်း သိရပါတယ်။
လေကြောင်းကနေ ပြင်းအားကြီး ဗုံးနှစ်လုံး ကြဲချတာဖြစ်ပြီး ကျေးရွာထဲက နေအိမ်တွေ၊ ဈေးဆိုင်တွေ မီးလောင်ကုန်တယ်လို့ ဒေသခံတစ်ဦးက စစ်တွေအခြေစိုက် Western News ကို ပြောပါတယ်။
ဖေဖော်တါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ကလည်း ရခိုင်ပြည်နယ် မြောက်ဦးနဲ့ကျောက်တော်မြို့နယ်တွေမှာ ညပိုင်း လေကြောင်းကနေ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနစ်ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မြောက်ဦးမြို့နယ်၊ အလယ်ဈေးရပ်ကွက်က စစ်ဘေးရှောင်တွေနေထိုင်နေတဲ့ နေရာအနီးကို ဂျက်တိုက်လေယာဥ် နဲ့ လေကြောင်းပစ်ခတ်ခဲ့တာကြောင့် နှစ်လအရွယ်ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိရခဲ့သလို ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက်ဗုံးကြဲတိုက်ခိုက်မှုမှာတော့ အရပ်သားလေးဦးသေဆုံးကာ ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
