မြင်းမူနဲ့ ဟုမ္မလင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံး

စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတဲ့အတွက် အရပ်သား သေဆုံးမှုများပြားခြင်းဖြစ်။

စစ်ကိုင်းတိုင်း မြင်းမူနဲ့ ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက် နှစ်ရက် ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမူမြို့နယ် ရွှေကျောင်းကန်ရွာကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တက်လာတဲ့ စက်တပ်လေထီး (paramotor) နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲက ဆီစက်နေရာကို ဗုံးကြဲတာကြောင့် ဆီစက်ပိုင်ရှင်မိသားစုတွေနဲ့ ဆီကြိတ်ဖို့လာတဲ့ အရပ်သားတွေပါ သေဆုံးတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုးယောက်ဆုံးတယ်။ ငါးယောက် ဒဏ်ရာရတာမှာ ဒဏ်ရာပြင်းထန်တဲ့သူတွေပါတယ်။ သေဆုံးဦးရေ ထပ်တိုးလာနိုင်တယ်။ စစ်ရေးပစ်မှတ်မဟုတ်ဘူး။ အရပ်သားတွေကို လျှောက်ချနေတာ”

အလားတူ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပင်နုတ်ဆွတ်ရွာက ရွှေမှော် (ရွှေလုပ်ကွက်) ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ဂျိုင်ယိုကော်ပရာ (gyrocopter) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးသေဆုံးပြီး နောက်ထပ် ၅ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ခန့်ကွာဝေးတဲ့ အဲဒီရွှေမှော်က စားသောက်ဆိုင်နဲ့ စျေးဆိုင်တန်းတွေရှိတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး ယာဉ်မောင်း၊ ရွှေလုပ်သားတွေနဲ့ အရပ်သားတချို့ သေဆုံးတာလို့ ဆိုပါတယ်။

အခုဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်အတွင်း နိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈၅၃ ဦးသေဆုံးခဲ့ပါတယ်။