“ထိုင်းနိုင်ငံက ပြန်ပို့ခံရတဲ့သူတွေ စစ်မှုထမ်းဖို့ရောင်းစားခံနေရ"

ထိုင်းနိုင်ငံမှာအဖမ်းခံရပြီး မြန်မာနိုင်ငံဘက်ပြန်ပို့ခံရတဲ့လူငယ်တွေကို ပွဲစားတွေကစစ်မှုထမ်းထဲ ရောင်းစားနေတာတွေရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ အဖမ်းခံရပြီး မြန်မာနိုင်ငံဘက်ပြန်ပို့ခံရတဲ့လူငယ်တွေကို နယ်စပ်မှာ ပွဲစားတွေက ဒေသခံ အာဏာပိုင်တွေနဲ့ပေါင်းပြီး စစ်မှုထမ်းထဲထည့်ဖို့ ရောင်းစားနေတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူတွေက RFA ကို ပြောပါတယ်။

ပြန်ပို့ခံရတဲ့သူတွေကို စစ်မှုထမ်းအတွက်လူစုပေးနေတဲ့ ဒေသဆိုင်ရာပြည်သူ့စစ်ခေါင်းဆောင်တွေက ကနဦး ဖမ်းဆီးချုပ်နှောင်ထားသလို၊ စစ်တပ်ထဲမဝင်ချင်တဲ့ လူငယ်တွေကိုလည်း ရိုက်နှက်ခြိမ်းခြောက်တာရှိတယ်လို့ ဖမ်းဆီးခံရပြီးပြန်လွတ်ခဲ့တဲ့လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“မဝင်ဘူးလို့ ပြောတဲ့ လူတွေကျတော့ ထုထောင်းတယ်။ အရက်သောက်ပြီး ကြောင်တဲ့သူတွေ ဆေးကြောင် ကြောင်တဲ့သူတွေကို သူတို့က ကြောက်အောင် ခြောက်လှန့်ထားတာပေါ့။ တချို့ကျတော့ အချုပ်ထဲက ထွက်လာ သူတွေ တချို့ဆို အဝတ်အစားတောင် ပါမလာကြဘူး။ အဲဒီမှာတော့ အနိုင်ကျင့်တာတွေရှိတာပေါ့။ သူတို့မွေးထားတဲ့တပည့်တွေရှိတယ်လေ။ သူတို့တွေကညပိုင်းကင်းစောင့်ရတယ်။ ကျွန်တော်တို့ ထွက်ပြေးမှာစိုးလို့”

သူအပါအဝင် ၁၇ ဦးကို မွန်ပြည်နယ်ထဲက အိမ်အောက်ထပ်အခန်းထဲမှာ ၁၁ ရက်အထိ ချုပ်နှောင်ထားခဲ့တယ်လို့ဆိုပါတယ်။ စစ်မှုထမ်းဖို့ အသက်မပြည့်တဲ့သူတွေ၊ ဆေးမအောင်တဲ့သူတွေကို ပင်လယ်က ငါးဖမ်းစက် လှေတွေမှာ လုပ်ခိုင်းတယ်လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေက သူတို့ ရပ်ကွက်၊ ကျေးရွာကိုယ်စား စစ်မှုထမ်းထဲပေးရမယ့်တပ်သားတွေရဖို့အတွက် ချုပ်ထားတဲ့လူငယ်တွေကို သိန်းလေးဆယ်၊ငါးဆယ်ကနေ သိန်းတစ်ရာအထိပေးပြီး ငွေကြေးနဲ့ လာဝယ်နေ တာလို့ အဖမ်းခံရတဲ့လူငယ်တစ်ဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေလာတယ် သူနဲ့ အစပ်အဆက်တွေ လာတယ်။ ကြားထဲမှာလည်း ကြားခံ စစ်တပ်ဘက်ကပွဲစားလည်းရှိတယ်။ ရဲဘက်ကပွဲစားတွေလည်းရှိတယ်။ လာပြီးတော့ လူလာကြည့်တာပေါ့။ ဥပမာ မောင်ဖြူ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ရွာမှာ စစ်သားလိုနေတဲ့အတွက်ကြောင့် အဲဒီမှာရွာသားတွေဆီက ပိုက်ဆံစု၊ စုပြီးလို့ရှိရင် လာဝယ်တာပေါ့”

အဝယ်ခံရတဲ့လူငယ်တွေကိုလည်း သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မည်သူတစ်ဦး တစ်ယောက်ရဲ့ ခြိမ်းခြောက်မှုမပါဘဲ မိမိဆန္ဒအရ ဝင်ရောက်တာ သဘောတူကြောင်း စစ်မှုထမ်းဖောင်မှာ လက်မှတ် လေးနေရာထိုးခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီနောက် စစ်မှုထမ်းဖောင်မှာ မှတ်ပုံတင်/စမတ် ကတ်ကိုတွဲထားပြီး အဲဒီဖိုင်တွဲကို အုပ်ချုပ်ရေးမှူးက ပေးနေတာကို လက်ခံယူနေတဲ့ဓာတ်ပုံကိုလည်း ရိုက်ယူ ထားတယ်လို့ ပြောပါတယ်။

အခုလို စစ်တပ်ထဲကို ရောင်းစားတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ၁၉၇၅ ခုနှစ် နိုင်ငံသားများ၏ အခွင့် အရေးကာကွယ်ရေး ဥပဒေအရ ရောင်းစားတဲ့သူတွေကို တရားစွဲဆိုနိုင်တယ်လို့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီလိုမျိုး မတော်မတရား ဖြစ်လာရင် သက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲပါ။ ရဲစခန်းတွေ လက်မခံရင် တရားရုံးတွေမှာ ဦးတိုက်လျှောက်ထားပြီး အမှုဖွင့်လို့ ရတယ်။ ကျွန်တော် အကြံပြုချင်တာက ရာဇသတ်ကြီး ပုဒ်မ ၃၄၇ ၊ ၃၅၇ အရ နစ်နာတဲ့သူတွေရဲ့ မိဘတွေ ညီအစ်ကို မောင်နှမတွေ ဇနီးခင်ပွန်းတွေက တရားစွဲခွင့် ရှိပါတယ်”

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အညီမဟုတ်ဘဲ အတင်းအဓမ္မ စုဆောင်းခံရရင် တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီ ဘက်ကလည်း ကြေညာထားပြီး၊ အရေးယူခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တာကြောင့် နစ်နာသူတွေက တင်ပြတိုင် ကြားသင့်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းအပတ်စဉ်တစ်ခုမှာ လူငါးထောင်လောက်စုဆောင်းထားတာကြောင့် အခု အပတ်စဥ် ၂၂ ရောက်နေပြီ ဖြစ်လို့ လူဦးရေတစ်သိန်းဝန်းကျင်အထိရှိနေပြီလို့တွက်ချက်လို့ရပါတယ်။

ထိုင်းကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းအလုပ်ရှင်မျာ အဖွဲ့ချုပ် (Econ Thai) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား လေးသန်းလောက်ရှိတဲ့အထဲမှာ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံကဖြစ်တယ် လို့ ဖော်ပြထားပါတယ်။