စစ်တပ်အာဏာသိမ်းထားတဲ့ငါးနှစ်အတွင်း စက်ရုံအလုပ်သမားတွေဖိနှိပ်ခံရတာများလာသလို၊ ငွေကြေးဖောင်းပွမှုနဲ့ အဆမတန်တက်နေတဲ့ကုန်စျေးနှုန်းကြောင့် ဆင်းရဲမွဲတေနှုန်းမြင့်လာပါတယ်။
လုပ်ငန်းရှင်တွေက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ အလုပ်သမားဘက်က ရပ်တည်ဆောင်ရွက် တဲ့သူတွေမရှိစေချင်တဲ့အတွက် အာဏာပိုင်အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ခြိမ်းခြောက်တာ တရားစွဲ ထောင်ချတာတွေတော်တော်များများ ရှိခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး က RFA ကို ပြောပါတယ်။
“အလုပ်သမားအခွင့်အရေးဆုံးရှုံးတာခြင်း အစိုးရအဆက်ဆက်တူပေမယ့် အခုက ဘာဆုံးရှုံးလည်းဆိုတော့ စီတန်းလှည့်လည်ခွင့် တောင်းဆိုတဲ့အခွင့်အရေး ရမနေဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အာဏာ သိမ်းထားတယ်၊ လူငါးယောက်မစုရဘူး၊ စက်မှုဇုံတွေမှာ စစ်အုပ်ချုပ်ရေးကြေညာထားတယ်။ ဒါမျိုးတွေပေါ့နော်၊ ဖြေလျှော့လိုက်တာ သိပ်မကြာသေးဘူး၊အလုပ်သမားတွေစုရုံးတောင်းဆိုခွင့်တွေက မရသေးဘူး”
ဒေါ်မျိုးမျိုးအေးအပါအဝင် သမဂ္ဂအဖွဲ့ဝင် ၁၀ ယောက်ကိုလည်း ဝမ်ရှင့်သာခရီးသွားလာရေးပစ္စည်းကုမ္ပလီမိတက် (WANXINDA TRAVEL GOODS Co.Ltd ) က အသင်းအဖွဲ့ များမှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀ - ၄၁ တို့နဲ့ တိုင်ကြားခဲ့တဲ့အတွက်ကြောင့် ၂၀၂၅ ခုနှစ် ဇူလိုင်လက ဖမ်းဆီး ထောင်ချ ခံခဲ့ရပါတယ်။ နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေရဲ့ဖိအားတွေကြောင့် ဒေါ်မျိုးမျိုးအေးကို ၂၀၂၅ အောက်တိုဘာလကပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကမှ တရားရှင်ပြန်လွှတ်ပေးလိုက်ပါတယ်။
လတ်တလောမှာဆိုရင် ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံက SANYAN OUTDOOR Co,. Ltd အထည်ချုပ်အလုပ်သမားတွေဟာ တနေ့လုပ်ခ ၁၂၅၀၀ (ကျပ်) အချိန်ပိုလုပ်အားခ ၂၅၀၀ (ကျပ်) နဲ့ ရက်မှန်ကြေး ၆၀၀၀၀ ပေးဖို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မနက်ပိုင်း ကစလို့ တောင်းဆိုနေကြ ပါတယ်။ ဒီလိုတောင်းဆိုတာကို မလိုက်လျောနိုင်ဘူးလို့ အလုပ်ရှင်ဘက်ကပြောသလို၊ လှုပ်ရှားမှုကို ၃ ရက်အတွင်းမရပ်ရင် အလုပ်ထုတ်မယ်လို့ပြောတဲ့အကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ ချုပ်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။
အလုပ်သမားတွေဖိနှိပ်ခံရတဲ့နောက်တနည်းကလည်း စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက် အနိုင်ကျင့်တာလို့ ဒေါ်မျိုးမျိုးအေး ကပြောပါတယ်။
“တခုခုဖြစ်တယ်ဆိုလို့ရှိရင် စစ်တပ်တို့၊ရဲတို့အဲဒီလိုလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပိုင်ရှင်တွေကနေပြီးတော့ ပိုင်ရှင်တို့ HR တို့ကခေါ်ပြီးတော့ ခြိမ်းခြောက်တာ၊ပြီးရင် ယောက်ျားလေးတွေဆိုလို့ရှိရင် စစ်သားစုဆောင်းရေး၊ စစ်မှုထမ်းရမယ်ပေါ့နော်၊အဲဒီလိုမျိုးတွေနဲ့ ခြိမ်းခြောက်တာ ပြောတာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့နေတဲ့နေရာတွေမှာ အဲဒီလိုမျိုး ပြောပြီးခြိမ်းခြောက်တာ”
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း အလုပ်သမား ၂ သိန်းကျော်လောက် ပြည်ပကို နည်းမျိုးစုံနဲ့ ထွက်သွားကြတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။ အလုပ်သမားတွေ ခြိမ်းခြောက်ဖိနှိပ်ခံနေရတာနဲ့ပတ်သက်လို့ စစ်ကော်မရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို - ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
အလုပ်သမားတွေဟာ လုပ်ငန်းခွင်ဖိနှိပ်ခံရမှုတွေအပြင် အဆမတန်တက်လာတဲ့ ကုန်စျေးနှုန်းဒဏ်ကို လည်း ခံနေရတယ်လို့ မြန်မာနိုင်ငံအလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက်ဥက္ကဋ္ဌ မတင်တင်ဝေ ကပြောပါတယ်။
“အာဏာသိမ်းပြီးတဲ့ငါးနှစ်အတွင်းမှာ ကျွန်မတို့မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းတွေကအဆမတန် တိုးမြင့် လာတယ်ပေါ့နော်၊ ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင်တော့ ငါးဆ ရှစ်ဆလောက်အထိတိုးမြင့်လာတယ်။ တဘက်က အလုပ်သမားတွေရဲ့ လုပ်ခလစာကျတော့ အလုပ်သမားတစ်ယောက်ကို တစ်နေ့ကို တစ်သောင်းဝန်းကျင်ပဲရတယ်။ ဒါကလည်း စက်ရုံ အလုပ်ရုံတစ်ရုံနဲ့တစ်ရုံ ပေးတဲ့ခေါင်းစဉ်ချင်းကတော့မတူဘူးပေါ့နော်၊ သုံးသိန်းကျော်ရရှိတယ်ပေါ့နော်လစာက၊ ကုန်းစျေးနှုန်းတိုးမြင့်တဲ့နှုန်းထားနဲ့ အလုပ်သမားတွေရရှိနေတဲ့လုပ်ခလစာနဲ့က လုံးဝညီမျှမှုမရှိပါဘူး”
အခြေခံအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးဆုံးရှုံးပြီး ဝင်ငွေနည်းသွားရတဲ့အပြင် တဘက် မှာတော့ သူတို့မဖြစ်မနေဝယ်စားနေရတဲ့ ဆန်ကြမ်း နဲ့ကြက်ဥစျေးတွေကတော့ ၅ ဆ လောက်အထိ တက်နေတာတွေ့ရပါတယ်။
“ရက်ကိုးဆယ်ဆင်စွယ်ဆန်ပါ၊ အများစုစားနေကြတဲ့ဆန်ပေါ့၊ အခြေခံလူတန်းစားအများစုစားကြတဲ့ ဆန်ပေါ့ဗျာ။ အရင် ၁၁၀၀ လောက်ရှိတဲ့ဆန်က ၄၈၀၀၊ ၅၀၀၀ ဝန်းကျင်လောက်ရှိတယ်။ အာဏာမသိမ်းခင်တုန်းက ကြက်ဥတစ်လုံးကို တစ်ရာတောင်မပြည့်ဘူး။ အခုချိန်မှာ ကြက်ဥက အများစျေး ၄၅၀၊ တစ်လုံးချင်းဆိုရင် ၄၈၀ လောက်ရှိတယ်”
အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်နောက်ပိုင်းက တည်းက အခုအချိန်အထိ တရားဝင်မပြင်သေးပါဘူး။ ဒီကြားထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ထမ်းလစာတွေကို အမိန့် နဲ့တိုးပေးထားလို့ တရက်လုပ်ခ ၆၈၀၀ ကျပ်ဖြစ်နေပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းခင် ၄၈၀၀ ကျပ် သတ်မှတ်ထားတုန်းက အမေရိကန်ဒေါ်လာနဲ့ဆို ၃ ဒေါ်လာကျော်တန်ဖိုးရှိပေမဲ့ အခုပေးထားတဲ့ တရက် လုပ်ခ ၆၈၀၀ (ကျပ်) ကိုကာလပေါက်စျေးအရဆို တစ်ဒေါ်လာကျော်ပဲရှိပါတော့တယ်။ ဒါကြောင့် အလုပ်သမားတယောက်ရဲ့ဝင်ငွေဟာ အာဏာမသိမ်းခင်ကထက် လုပ်ခလစာတဝက်လောက်နည်းသွားတာတွေ့ရပါတယ်။
