ထိုင်းနဲ့ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး မြန်မာ့အရေးဆွေးနွေး

အင်ဒိုပစိဖိတ်ဒေသမှာ ပြင်သစ်အနေနဲ့လည်း ပိုပြီး တက်ကြွတဲ့နေရာက ပါဝင်လိုကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးပြော။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံက အထူးစိတ်ဝင်စားနေပြီး ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု တိုးတက်လာရေးအကြောင်းတွေကို ဦးစားပေးပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်(Sihasak Phuangketkeow) က ဖေဖော်ဝါရီလ ၂၄ ရက် အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြင်သစ် ဥ‌ရောပဆိုင်ရာနဲ့ နိုင်ငံခြားရေးရာဝန်ကြီး ယန်းနိုးဘားရော့(Jean-Noël Barrot) နဲ့ တနင်္လာနေ့က ဆွေး‌နွေးရာမှာ မြန်မာ့အရေး ထိုင်းနိုင်ငံက ကြိုးပမ်းနေတာကို အသိမှတ်ပြုကြောင်း၊ အင်ဒိုပစိဖိတ်ဒေသမှာ ပြင်သစ်အနေနဲ့လည်း ပိုပြီး တက်ကြွတဲ့နေရာက ပါဝင်လိုကြောင်း ပြောကြားခဲ့တယ်လို့ သူကပြောပါတယ်။

မကြာခင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ပြောဆိုခဲ့တာ တွေကို ပြင်သစ်နိုင်ငံအနေနဲ့ အထူးစိတ်ဝင်စားတာကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပရုံသက်သက်နဲ့ တိုင်းပြည်ရဲ့အကြပ်အတည်းကို မဖြေရှင်းနိုင်ကြောင်း၊ အစုအဖွဲ့အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ပေါ်လာဖို့လိုကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။