ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်

အရပ်သားအစိုးရပြောင်းတယ်လို့ ဆိုပေမယ့် စစ်တပ်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရသစ် အမည်အောက်မှာ အာဏာသြဇာဆက်ကိုင်တွယ်ထားမှာဖြစ်။

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ တကျော့ပြန် ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရသစ်မှာ အရေးပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာကို ဆက်ခံဖို့ရှိပြီး နိုင်ငံ ဒီမိုကရေစီအုပ်ချုပ်ရေးကို ပြန်အသက်သွင်းတဲ့ အစိုးရသစ်မှာ စစ်တပ်ရဲ့ အာဏာထိန်းချပ်ရေး အုတ်မြစ်ချပေးသူဖြစ်လာမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး Reuters သတင်းဌာနက ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရေးသားလိုက်ပါတယ်။

စစ်တပ်မှာ ဗိုလ်မှူးချုပ် ရာထူးအထိ တာဝန်ယူခဲ့ပြီး စစ်ထောက်လှမ်းရေး အာဏာစက်ကြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ကာလတွေက ရဲချုပ် အဖြစ်တာဝန်ယူခဲ့သူ ဦးခင်ရီဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ရှေ့ဆုံးမှာ တစ်ပြေးနေတယ်လို့ နီးစပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းနှစ်ဦးဟာ ပထမနဲ့ ဒုသမ္မတဖြစ် လာနိင်တယ်လို့ ဒီအချက်အလက်တွေကို ထုတ်ဖော်ပြောခွင့်မရှိတဲ့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

“ပါတီထဲမှာ စစ်အရာရှိကြီးတွေအများအပြားရှိနေတော့ သူတို့ရဲ့နေရာ ရာထူးကို အခြေခံပြီး ဦးခင်ရီအနေနဲ့ အမြင့်ဆုံးဖြစ်နိုင်ရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်ဖို့ များပါတယ်။”

မကြာခင်က ပါတီအစည်းအဝေးတစ်ခုကို အတူတက်ပြီး ဦးခင်ရီနဲ့ တွေ့ခဲ့သူ ရွေးကောက်ခံထားရတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်နှစ်ဦးကတော့ ဦးခင်ရီကို “ဒုသမ္မတလုပ်မလား၊ လွှတ်တော်မှာ ဦးဆောင်သူ တစ်နေရာရာကို ယူမလား”လို့ အလွတ်သဘော မေးမြန်းရာမှာ “ကျွန်တော့်အနေနဲ့ လွှတ်တော် တစ်ရပ်ရပ်မှာ ခေါင်းဆောင်တစ်နေရာရာ ရဖို့ကတော့ ကျိန်းသေပါတယ်”လို့ ဖြေကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

မြန်မာ့အရေး စစ်တပ်နဲ့ အရပ်ဖက်အစိုးရကို သြဇာလွှမ်းမယ့် ငါးဦးပါ နိုင်ငံတော်အတိုင်ပင်ခံ ကောင်စီကို သူ့လူယုံတွေပဲ ထားမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနည်းအားဖြင့် စစ်တပ် အာဏာကို လက်မလွတ်ဘဲ သမ္မတရာထူးကို အလွယ်တကူ ယူလိမ့်မယ်လို့လည်း နေပြည်တော် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။