မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ အခြေစိုက်တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ မိသားစု လေးစုထဲက မြီနဲ့ ပယ်မိသားစုနှစ်ခုနဲ့ပတ်သက်တဲ့ အမှုတွဲအားလုံးကို အဆုံးသတ်စီရင်ပြီး လူ ၁၆ ဦးကို သေဒဏ်ပေးခဲ့ပြီး ဖြစ်တယ်လို့ တရုတ်အစိုးရ ဗဟိုပြည်သူ့တရားရုံး (SPC)က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
SPC ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀၂၅ နှစ်ကုန်မှာ တရုတ်နိုင်ငံတဝှန်းမှာရှိတဲ့ တရားရုံး အသီးသီးကနေ မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၂၇၀၀ ကျော်ကို စုံစမ်းစစ်ဆေး စီရင်ချက်ချခဲ့ကြောင်း၊ လူပေါင်း ၄၁၀၀၀ ကျော်ကိုလည်း ပြစ်ဒဏ်စီရင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီအထဲမှာ ကိုးကန့်မိသားစု ဂိုဏ်း လေးဂိုဏ်းအကြောင်း တရုတ်နိုင်ငံပြည်တွင်းနဲ့ နိုင်ငံတကာမှာ အထူးအာရုံစူးစိုက်စိတ်ဝင်တစားရှိခဲ့ပြီး ဒီအထဲက မြီမိသားစု ဂိုဏ်းနဲ့ ပယ်မိသားစုဂိုဏ်းနဲ့ပတ်သက်လို့ ရာဇဝတ်မှုအားလုံးကို အပြီးစီရင်ခဲ့ပြီး လူ ၃၉ ဦးကို ထောင်ဒဏ် တစ်သက်တကျွန်း နဲ့အထက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
၊ ဒီအထဲမှာ ၁၆ ဦးကို သေဒဏ်စီရင် ကွပ်မျက်ခဲ့ကြောင်း၊ အခုအချိန်မှာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရာဇဝတ် ဂိုဏ်းကြီး နှစ်ခုစလုံး အလုံးစုံဖျက်ဆီးနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပ ရာဇဝတ်မှုတွေအပေါ်ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ကြောင်းလည်း တရုတ်တရားစီရင်ရေးဌာနက အရာရှိတွေက ပြောကြားခဲ့ပါတယ်။
