တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်ဘေးဒုက္ခသည် ဒေသခံ ခုနှစ်ဦးဟာ ရွာအခြေအနေ ပြန်ကြည့်စဥ် စုံစင်ဖျားရွာအနီး မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး ရာဘာတောမှာ အစုလိုက် သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး မြန်မာနောင်း (Myanmar Now) သတင်းဌာနက မတ်လ ၁ ရက်နေ့က သတင်းရေးသားဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ စုံစင်ဖျားရွာ ဇာတိ အသက် ၃၅ နှစ်ဝန်းကျင် ဇနီးမောင်နှံ နဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး၊ ကျွဲမင်းကုန်းရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးလို့ ဒေသခံ သတင်းအရင်းအမြစ် သုံးဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဒီဒေသခံတွေဟာ ထားဝယ်မြို့ပေါ် မှာ ခေတ္တတိမ်းရှောင်နေရာကနေ ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့ နေရပ်ရွာက အိုးအိမ်တွေကို ပြန်ကြည့်ဖို့ ပြန်အလာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တိုးပြီး သတ်ဖြတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေရာအနီးမှာ ၂၀၂၅ ခုနှစ် ဧပြီလကတည်းက ဒေသအခြေစိုက် စစ်အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဝင်းဝရွာရဲစခန်းရှိပါတယ်။
ဒီဒေသဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၄) နယ်မြေအတွင်း တည်ရှိပြီး KNLA တပ်၊ ဒေသကာကွယ်ရေး PDF တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေအကြား မကြာခဏ တိုက်ပွဲ ဖြစ်လေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။ KNU ရဲ့ မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး အဖွဲ့ကတော့ ဝင်းဝရွာ ရဲစခန်းကို စစ်ကူပေးဖို့ လာတဲ့ ကလိန်အောင်အခြေစိုက် အမှတ် (၄၀၉) ခြေလျင် တပ်ရင်းက ဒီဒေသခံတွေကို သတ်ဖြတ်ခဲ့တာလို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
စုံစင်ဖျားရွာဟာ သရက်ချောင်းမြို့ တောင်ဘက် ၁၆ မိုင်ခန့်အကွာ မြိတ်-ထားဝယ် လမ်းမကြီးဘေးမှာ တည်ရှိပြီး ဖေဖော်ဝါရီ၂၄ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ရွာလို့လည်း သတင်းမှာ ဖော်ပြ ထားပါတယ်။
