စစ်အာဏာသိမ်းအပြီး ဖမ်းဆီးအကျဉ်းချခံ NLD အစိုးရအဖွဲ့ ဝင်တချို့ ပြန်လည်လွတ်မြောက်လာ

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လွတ်လာမှ စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေးတယ်လို့ NLD မြင်။

စစ်တပ်က ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်မှာ အစိုးရဝန်ကြီး တာဝန်ယူခဲ့သူတချို့နဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် ဒေါက်တာမျိုးအောင် တို့ မတ်လ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီ တာဝန်ရှိသူနဲ့ လွတ်မြောက်လာသူတွေရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

NLD အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန်လည်းဖြစ် NLD ပါတီရဲ့ CEC အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတယ်လို့ သူတို့ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအပြင် NLD အစိုးရလက်ထက် မကွေးတိုင်းလွှတ်တော်ဥက္ကဌ ဦးတာ လည်း မကွေးအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန် အင်းစိန်ထောင်ကနေလည်း NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ထဲက လူဝင်မှု ကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းတို့လည်း ပြန်လည် လွတ်မြောက်လာတယ်လို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အမြန်ဆုံး လွှတ်ပေးစေချင်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“အဓိကကတော့ နိုင်ငံက ပြည်သူအများစုမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ပြန်လွတ်လာမှ စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်လို့ ကျနော်တို့ကတော့ ဆုံးဖြတ်ပါမယ်။ ဒီလို မဟုတ်သေးရင်တော့ နိုင်ငံတကာဖိအားတွေ သူတို့မှာ တစ်စုံတစ်ခု ကြုံတွေနေရတဲ့ အကျပ်အတည်းကြောင့် ယာယီထွက်ပေါက်ရှာတာ အရင်ထုံးစံအတိုင်းပဲ လုပ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်”

စစ်ကော်မရှင်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၇၃၃၇ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး အဲဒီပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ၁၂၄၈၇ ဦးကို အမှုပိတ်သိမ်းပေးကြောင်း မတ်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းကာလငါးနှစ်အတွင်း အကြမ်းဖက်မှုတိုက်ရေးဥပဒေပုဒ်မတွေနဲ့ အရေးယူခံရသူတွေကို ပထမဆုံးအကြိမ် လွတ်ငြိမ်းခွင့်ပေးတာနဲ့ အမှုပိတ်သိမ်းပေးတာဖြစ်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျနိုင်တဲ့ပုဒ်မဖြစ်ပြီး အခု အာဏာသိမ်းကာလမှာ စစ်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အား စုတွေကို ငွေကြေးအပါအဝင် တစ်နည်းနည်းနဲ့ ထောက်ပံ့တာ၊ အားပေးတာ၊ ထောက်ခံတာလုပ်တဲ့သူတွေကို အရေးယူလေ့ရှိတဲ့ပုဒ်မ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ကလည်း ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်တာ၊ စည်းရုံးတာ၊ အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ ကူညီလုပ်ကိုင်းပေးတဲ့သူတွေကို အရေးယူလေ့ရှိပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) ရဲ့ မတ်လ ၂ ရက်နေ့ ညနေပိုင်းအထိ စာရင်းတွေအရ အကျဉ်းထောင် ၂၅ ခုက နိုင်ငံရေးအကျဉ်းသား ၁၈၉၅ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လွှတ်ပေးဖို့တောင်းဆိုနေတဲ့ အသက် ၈၀ အရွယ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စစ်တပ်က ဆက်လက်ဖမ်းဆီးအကျဉ်းချထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အ သွယ်ဖြတ်ထားပါတယ်။