မြန်မာမှာ ကာလတာရှည် ကပ်‌ဘေးစုံကျနေပြီး အရေးအပေါ် အကူအညီလိုနေ

ကပ်ဘေးအခြေအနေကို ဖြေရှင်းနိုင်ဖို့ သံတမန်ရေးရာ၊ လူသားချင်းစာနာမှုရေးရာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စဥ်ဆက်မပြတ် အကူအညီတွေလို။

မြန်မာနိုင်ငံဟာ နာတာရှည်ဖြစ်လာတဲ့ ကပ်ဘေးအစုံကျနေတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာက အလေးအနက်ထား ကူညီဖြေရှင်းပေးဖို့လိုနေတယ်လို့ အမေရိကန်အခြေစိုက် လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံအနှံ့အပြားမှာ အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဘေးတွေ၊ စဥ်ဆက်မပြတ် လက်နက်ကိုင် ပဋိပက္ခဘေးတွေ၊ ဆိုးဝါးတဲ့ စီးပွားရေး ပျက်စီးလာတဲ့ဘေးတွေနဲ့ သဘာဝဘေးတွေ စတဲ့ ကပ်ဘေးရှိနေတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အရေးအပေါ်အခြေအနေကို မြန်မာပြည်သူတွေ ကာလရှည်ကြာ ရင်ဆိုင်ခံစားနေရတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မပြတ်အလေးစိုက် ဖြေရှင်းပေးမှုနဲ့ ကဏ္ဍပေါင်းစုံ အကူအညီတွေလိုနေတယ်လို့ အမေရိကန်အခြေစိုက် Gannet လေ့လာရေးအဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

Gannet လေ့လာရေး အဖွဲ့ဟာ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေက ရတဲ့ အချက်အလက်ထောင် ပေါင်းများစွာကို ဉာဏ်ရည်တု AI နည်းပညာနဲ့ လေ့လာခွဲခြမ်းပြီး ရှင်းလင်းပြတ်သားတဲ့ မူဝါဒရေးရာ အစီအရင်ခံစာတွေကို ထုတ်ဖော်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။

၂၀၂၆ ဖေဖော်ဝါရီလ ၉ ရက်ကနေ ၁၅ ရက်အထိ ၆ ရက်ကြာ သတင်းဓာတ်ပုံ အချက်အလက် ထောင် ပေါင်းများစွာကို လေ့လာပြီး ရေးသားထားတဲ့ ဒီအစီအရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့ သံတမန်ရေးရာ၊ လူသားချင်းစာနာမှုရေးရာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စဥ်ဆက်မပြတ် အကူအညီတွေ လိုတယ်လို့လည်း ၃၃ မျက်နှာပါ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။