မြန်မာအပါအဝင် လေးနိုင်ငံကျောင်းသားတွေကို ဗြိတိန် ဗီဇာ ရပ်ဆိုင်း

စစ်ဘေးနဲ့ ဖိနှိပ်မှုတွေက ထွက်ပြေးလာသူတွေကို အစောင့်အရှောက် အမြဲပေးပေမယ့် ပြည်ဝင်ခွင့်ဗီဇာ အလွဲသုံးတာ လက်မခံနိုင်ဟု ဗြိတိန်ဝန်ကြီးပြော။

နိုင်ငံရေးခိုလှုံခွင့် အလွဲသုံးစားလုပ်နေတာတွေကို တိုက်ဖျက်တဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန် လေးနိုင်ငံကို ပညာရေးဗီဇာထုတ်ပေးနေတာတွေကို ရပ်ဆိုင်းတော့မယ်လို့ ဗြိတိန်အစိုးရက မတ်လ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

၂၀၂၁ ခုနှစ်က စပြီး ဒီလေးနိုင်ငံက ကျောင်းသားဗီဇာနဲ့ ရောက်ရှိလာပြီး ဗြိတိန်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြတဲ့ အရေအတွက်ဟာ တစတစ မြင့်မားလာခဲ့ပြီး ခိုလှုံခွင့် တောင်းခံလွှာတင်တဲ့ အရေအတွက်ဟာ ၁၃၅၀၀၀ နီးပါးအထိ ရှိလာခဲ့တယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး ရုံးက ပြောပါတယ်။

ဗြိတိန်အစိုးရ ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood) က

“ဗြိတိန်နိုင်ငံအနေနဲ့ စစ်ဘေးစစ်ဒဏ်နဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာကြရသူတွေကို အစောင့်အရှောက် အကာအကွယ် အမြဲတမ်းပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာစနစ်ကို အလွဲသုံးစား လုပ်တာတကိုတော့ လက်မခံနိုင်ပါဘူး” လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

“ဒါ့ကြောင့် ကျွန်မတို့နိုင်ငံရဲ့ သဘောထားကောင်းမှုအပေါ် အလွဲသုံးစားလုပ်တဲ့ ဒီနိုင်ငံတွေကလာတဲ့ နိုင်ငံသားတွေကို ကျောင်းသားဗီဇာ ငြင်းပယ်တဲ့အထိ မထင်မှတ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရတာဖြစ်ပါတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီလေးနိုင်ငံက ကျောင်းသားဗီဇာနဲ့လာရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့ ကျောင်းသားအရေအတွက်ဟာ ၂၀၂၁ ကနေ ၂၀၂၅ အထိ ၄၇၀ ရာနှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကတော့ ဒီလို မြန်မာ ကျောင်းသားတွေကို ဗီဇာရပ်ဆိုင်းတဲ့ လုပ်ရပ်ဟာ ရက်စက်ပြီး အမျှော်အမြင်နည်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မတ်လ ၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်ပါတယ်။

“ဗြိတိန်ကိုရောက်လာပြီး ပညာသင်တဲ့ အခွင့်အလန်းဟာ ကျောင်းသားတစ်ယောက်အတွက် ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးဖြစ်ပြီး မြန်မာနိုင်ငံအနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။ ဒီကျောင်းသားဘဝက ရလာတဲ့ အရည်အချင်းသစ်တွေကနေ မြန်မာနိုင်ငံအနာဂတ်ကို တဖန်ပြန်လည် ကူညီမယ့်လူတွေလည်းဖြစ်ပါတယ်” လို့ Burma Campaign UK အစီအစဥ်ဒါရိုက်တာ မဇိုယာဖန်းက ပြောပါတယ်။

နိုင်ငံခြားသား ဝင်ရောက်အခြေချမှုများလာတာဟာ ဗြိတိန်နိုင်ငံရေးမှာ အဓိကပြဿနာတစ်ခုဖြစ်ပြီး နိုင်ငံခြားသားဆန့်ကျင်ရေး လက်ယာစွန်း Reform UK နိုင်ငံရေးအယူအဆဟာ ပြည်သူ့စစ်တမ်းတွေမှာ ထိပ်တန်းမှာ ရောက်လာနေပါတယ်။

ဒါ့အပြင် ဗြိတိန်အစိုးရအဆက်ဆက် ပြင်သစ်ရေလက်ျားဖြတ်ပြီး လှေစီးဝင်ရောက်လာတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားအရေအတွက်ဟာ တစ်စတစ်များလာပြီး ဖြေရှင်းလို့ မပြီးတဲ့ ပြဿနာတစ်ရပ်ရှိနေပါတယ်။ ဒါ့အပြင် တခြားနည်းနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းတာတွေ လျှော့ချရေး ဖိအားပေးတာတွေလည်း ကြုံနေရပါတယ်။