မြန်မာနိုင်ငံမှာ အဆမတန် လောင်စာဆီစျေးမြင့်တက်သွားတဲ့အတွက် မြန်မာနိုင်ငံဘက်က ထောင်နဲ့ချီတဲ့ ယာဥ်မောင်းအများအပြား ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို အလုံးအရင်းနဲ့ ကူးလာပြီး လောင်စာဆီလာရောက်ဝယ်ကြတယ်လို့ မတ်လ ၃ ရက်နေ့ ထိုင်းနိုင်ငံ ထုတ် the Nation သတင်းစာက ရေးသားပါတယ်။
မြန်မာဘက် မြဝတီမြို့ကလာရောက်ဆီဝယ်တဲ့ ကိုယ်ပိုင်ကားတွေ၊ လူစီဗင်ကားတွေဟာ အမှတ် ၁ ချစ်ကြည်ရေး တံတားပေါ်မှာ ကြပ်ညပ်နေခဲ့ပြီး ဓာတ်ဆီဆိုင်တွေမှာလည်း မြန်မာဘက်ခြမ်းက ကားတွေနဲ့ တန်းစီ ပိတ်နေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီလို မြန်မာဘက်က အလုအယက်လာဝယ်ချိန်ဟာ ထိုင်းနိုင်ငံမှာလည်း အရှေ့အလယ်ပိုင်း အီရန်စစ်ပွဲကြောင့် သာမန် ထိုင်းနိုင်ငံသားတွေနဲ့ ကုန်တင်ကုန်ပို့ကားသမားတွေ လောင်စာဆီ အလုအယက်ဝယ်ဖြည့် နေချိန်ဖြစ်သလို ထိုင်းအစိုးရကလည်း ၆၁ ရက်စာ အရံဆီ သိုလှောင်ထားပြီး ပြည်တွင်း သုံးလောက်င အောင် ပြည်ပရောင်းချတာကို ပိတ်ပင်ဖို့ စဥ်းစားနေချိန်လည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာနယ်စပ် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ ဆီအလုံးအရင်း မသုံးနိုင်အောင် ဖြတ်သုံးဖြတ် စနစ်နဲ့ မြန်မာဘက်ခြမ်းကို ဆီအပိုတင်ပို့ရောင်းချတာကို ပိတ်ထားပါတယ်။ ဒါပေမယ့် မြန်မာဘက်ခြမ်း သာမန် ဒေသခံတွေကတော့ ကိုယ်ပိုင်ကားတွေ ဆီဖြည့်နိုင်ဖို့ မဲဆောက်ခြမ်းက ဆီဆိုင်တွေကို လာရောက်တန်းစီဝယ်ခွင့် ထိုင်းနိုင်ငံက ခွင့်ပြုထားပါတယ်။
