အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် စစ်ကော်မရှင်ရဲ့ လေယာဉ်ဆီ ရရှိနိုင်မှုအပေါ် သက်ရောက်မှုတွေကို စောင့်ကြည့်နေကြောင်းနဲ့ စစ်ကော်မရှင် လေယာဉ်ဆီရရှိနေတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေအားလုံးကိုလည်း ပိတ်ဆို့ဒဏ်ခတ်ဖို့ လိုအပ်ကြောင်း Justice For Myanmar အဖွဲ့က မတ်လ ၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
စစ်ကော်မရှင်ကို လေယာဉ်ဆီ တန်ချိန်ပေါင်း သိန်းနဲ့ချီ ရောင်းချပေးခဲ့တဲ့ အီရန်နိုင်ငံဟာ စစ်မက် ဖြစ်ပွားနေတာကြောင့် လောင်စာဆီ မတင်ပို့နိုင်တော့ဘဲ အခက်ကြုံနေရချိန် စစ်ကော်မရှင်ရဲ့ စက်သုံးဆီနဲ့ လေယာဉ်ဆီ ရရှိမှုအပေါ် သက်ရောက်နိုင်မှုနဲ့ ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာမဲ့ သက်ရောက်မှုအပြင် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့ရာမှာပါဝင်တဲ့ ကုမ္ပဏီတွေ အခြေစိုက်ထားတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံကို အီရန်ဘက်က ပစ်မှတ်ထား လက်တုန့်ပြန်မှုတွေကြောင့် ဖြစ်ပေါ်လာမဲ့ သက်ရောက်မှုတွေကိုပါ စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ စစ်ကော်မရှင်ဟာ လေယာဉ်ဆီရရှိဖို့အတွက် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က RFA ကို ပြောပါတယ်။
“စစ်အုပ်စုနှင့် ၎င်းတို့၏ လေယာဉ်ဆီ ပံ့ပိုးသူများက လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုများတွင် အသုံးပြုသည့် လေယာဉ်ဆီများကို ဆက်လက် ရရှိနိုင်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်သည့် နည်းလမ်းမျိုးစုံကို ဖန်တီးအသုံးပြုလာကြပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံများက စစ်အုပ်စုနှင့် ခရိုနီများအား လေယာဉ်ဆီ ဝယ်ယူနိုင်ရန်နှင့် ၎င်းတို့၏ ဘဏ်စနစ်များကို အသုံးပြုနိုင်ရန် ခွင့်ပြုနေသရွေ့၊ စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင်ကြံရာပါပတ်သက်နေသရွေ့ ထိုသို့ရှောင်ရှားမှုများကလည်း ဆက်လက်ရှိနေမှာ သေချာပါတယ်”
နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ စစ်ကော်မရှင်ရဲ့ ဘဏ္ဍာငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့၊ လေယာဉ်ဆီ ရောင်းဝယ်မှုတွေပါဝင်တဲ့ သင်္ဘာတွေ၊ သင်္ဘောပိုင်ရှင်တွေ၊ စီမံခန့်ခွဲသူတွေ၊ လောင်စာဆီဆိပ်ကမ်းတွေနဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းတို့အပါအဝင် လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့လိုအပ်တယ်လို့ သူက ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ အရှေ့အလယ်ပိုင်းဒေသက စစ်ရေးပဋိပက္ခတွေအတွင်း လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေ ရေလမ်းကြောင်းတစ်လျှောက် အတားအဆီး၊ အပိတ်အဆို့တွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ လောင်စာဆီ ခြိုးခြံချွေတာသုံးကြဖို့ဆိုပြီး မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ပုဂ္ဂလိက ကိုယ်ပိုင်ကားတွေ တစ်ရက်ခြားမောင်းနှင်ဖို့၊ စက်သုံးဆီ ဝယ်ယူစုဆောင်းတာ၊ စျေးတင်ရောင်းတာတွေလုပ်ရင် အရေးယူမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
အခု အမေရိကန်အစ္စရေးတို့နဲ့ စစ်ဖြစ်နေတဲ့ အီရန်နိုင်ငံဟာ နိုင်ငံတကာကပိတ်ဆို့အရေးယူထားတဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ တန်ချိန်ပေါင်း သိန်းနဲ့ချီပြီး လျှို့ဝှက်တင်ပို့ရောင်းချခဲ့ကြောင်း ရိုက်တာစ် (Reuters) သတင်းဌာနက ၂၀၂၆ ဇန်နဝါရီလက ရေးသားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉၉၁ ဦးသေဆုံးခဲ့ပါတယ်။
