ဧပြီ ၁ ရက်နေ့မှစပြီး လက်ကိုင်ဖုန်းရဲ့ IMEI နံပါတ်ကို စစ်ကော်မရှင် အာဏာပိုင်တွေဆီမှာ မှတ်ပုံမတင်ပါက တယ်လီဖုန်း ဆက်သွယ်ရေးကွန်ယက်တွေနဲ့ ချိတ်ဆက် သုံးခွင့်မပြုတော့ကြောင်း စစ်ကော်မရှင်က မတ်လ ၅ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (CEIR) ခွင့်ပြုစာရင်းတွင်မပါရှိတဲ့ လက်ကိုင်ဖုန်းတွေကို ဖုန်းလိုင်းနဲ့ စတင်ချိတ်ဆက် အသုံးပြုချိန်ကနေရက်ပေါင်း ၃၀ တွင်းသာ ယာယီအသုံးပြုခွင့်ရရှိမှာ ဖြစ်ပြီး မတ်လ ၃၁ မတိုင်ခင်မှာ မှတ်ပုံတင်ရမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။ လက်ကိုင်ဖုန်း IMEI နံပါတ်ကို CEIR စနစ်မှာ မှတ်ပုံတင်မထားရင် မိမိရဲ့ဖုန်းဟာ ဘယ် sim card နဲ့ ထည့်သုံးလို့ မရနိုင်တော့ဘူးလို့ ဆိုပါတယ်။
CEIR စနစ်ဟာ နိုင်ငံတကာ စံချိန်စံညွှန်းမီ အခွန်ကောက်ဖို့ စစ်ကော်မရှင်က အကြောင်းပြထားပေမယ့် ဒီကန့်သတ်ချက်အသစ်ဟာ နိုင်ငံရေးနဲ့ ပက်သက်ဆက်နွှယ်သူ တွေအပါအဝင် ပြည်သူတွေကို ခြေရာခံ ထိန်းချုပ်ဖို့ ဆောင်ရွက်ချက်လို့ မြင်တဲ့အကြောင်း ရန်ကုန်မြို့က နည်းပညာသမား ကိုအောင်က RFA ကိုပြောပါတယ်။
“ဒီနိုင်ငံရေးအခြေအနေနဲ့ဆိုရင် လုံခြုံရေးအရနဲ့ အခွန်ရဖို့ဆိုတာထက် နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေ၊ တခြားအကြောင်းတွေကို ခြေရာခံဖို့လုပ်တယ်ဆိုတာ ဖြစ်နိုင်ခြေပိုများတာပေါ့။ အရင်ကတည်းက sim card မှတ်ပုံတင်ခိုင်းထားရင် ပြီးနေတာဆိုတော့ အခုကပိုဆိုးသွားတာပေါ့။ အစကတော့ sim card တခုနဲ့သုံးပြီး sim card သုံးပြီးလွှင့်ပစ်ရင် လိုက်လို့မရတော့ဘူး။ အခုတော့ ဘယ် sim card ထည့်ထည့် IMEI နံပါတ်ကြီးရှိ နေတာဆိုတော့ ဒါဘယ်သူလဲဆိုတာ သူတို့ကသိနေတာပေါ့”
မဖြစ်မနေမှတ်ပုံတင်ရမှာဖြစ်တဲ့အတွက် အရေးကြီးကိစ္စနဲ့ ငွေကြေးကိစ္စပြောဆိုဆောင်ရွက်ရာမှာတော့ သတိထားရမယ့် အခြေအနေဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
လက်ရှိအသုံးပြုနေတဲ့မိုဘိုင်းဖုန်းတွေကိုတော့ အခွန်ဆောင်စရာမလိုပဲ ဆက်အသုံးပြုနိုင်ဖို့ CEIR ရဲ့ ခွင့်ပြုစာရင်းမှာ အလိုအလျောက်ထည့်သွင်းပေးမှာဖြစ်တယ်လို့ CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီခွင့်ပြုစာရင်းမှာ ထည့်သွင်းမှတ်ပုံတင်ဖို့ MPT, ATOM, U9, Ooredoo, Mytel စတဲ့ ပြည်တွင်း ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ Sim Card တစ်ခုခု ထည့်သွင်းထားပြီး အသုံးပြုဖို့လိုတယ်လို့ဆိုပါတယ်။
