ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU အနေနဲ့ မြန်မာစစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေးအကျဥ်းသား အများအပြားကို လွှတ်ပေးခဲ့တာ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွေ ပိတ်သိမ်းပေးတာကို ကြိုဆိုကြောင်း မတ်လ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဥ်းသား အားလုံး ပြန်လွတ်မြောက်လာရေး အရပ်သားပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတာ လျှော့ချရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုငင်ံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်နိုင်ရေးတို့ကို ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ရန်ကုန် EU သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ရဲ့ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဥ်းသား ၁ သောင်းကျော် ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကော်မရှင်က ကြေညာခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၃၀၀၀ ကျော်ပဲ အတည်ပြုနိုင်ကြောင်း နိုင်ငံရေးအကျဥ်းသား စောင့်ကြည့်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
