စစ်ကော်မရှင် ထိုးစစ် ညောင်လေးပင်နယ် ရွာနှစ်ရွာမှာ ရွာသား ၃၀ သေဆုံးသတ်ဖြတ်ခံရ

စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်း စစ်ဆင်ရေးလုပ်ခဲ့အပြီး ရွာသား ၃၀ သေဆုံးပြီး ၁၅၀ ခန့်ကို ဓားစာခံဖမ်းဆီးခံရ။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ကျောင်းကုန်းရွာနဲ့ ရေတွင်းကုန်းရွာကို ၂၀၂၆ မတ်လ ၅ ရက်နေ့ မနက်ခင်းက စစ်ကော်မရှင် ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းပြီး အလုံးအရင်းနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာမှာ ကျေးရွာဒေသခံ အမျိုးသမီးနဲ့ ကလေးသူငယ် အပါအဝင် အရပ်သား ၃၀ ခန့် သေဆုံးပြီး လူ ၁၅၀ ခန့်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။

စစ်ကော်မရှင်ရဲ့ ခြေမြန်တပ်ရင်း ၂၀၊ ခြေလျင်တပ်ရင်း ၂၆၄၊ ၄၃၉ တပ်ရင်း ၃ ရင်း ပူးပေါင်းစစ်ကြောင်းဟာ မတ်လ ၅ ရက်နေ့က ညောင်လေးပင်မြို့နယ်အတွင်း အင်အားသုံးပြီး စစ်ဆင်ရေးလုပ်ခဲ့ရာမှာ ရေတွင်း ကုန်းရွာက အရပ်သား ၁၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့တယ်လို့ KNU က မတ်လ ၉ ရက်နေ့က သတင်းထုတ်ပြန် ပါတယ်။

နှစ်ရက်အကြာ မတ်လ ၇ ရက်နေ့မှာ စစ်ဆင်ရေးလုပ်နေတဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ ကရင်လွတ်မြောက်ရေး တပ်မတော် KNLA တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရေတွင်းကုန်းရွာအတွင်း ဒရုန်း၊ ဂျက်တိုက်လေယာဥ်တို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား ၂၅ ဦး ထိခိုက်သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦးကတော့ စစ်ကော်မရှင် တပ်သားတွေက ပစ်သတ်ခဲ့တာလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ပါ အရေအတွက်နဲ့ ဖြစ်စဥ်အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘဲ စုံစမ်းနေဆဲလို့ ကရင်နီလူထုအသံ (Karenni People’s Voice) သတင်းက ရေးပါတယ်။

လက်ရှိအခြေအနေအရ စစ်တောင်းမြစ်နဲ့ တစ်မိုင်အကွာမှာ စစ်ကော်မရှင်တပ်နဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖမ်းသွားတဲ့ အရပ်သား ၁၅၀ ကို တပ်ကတော့ ဓားစာခံအပြီး ဖမ်းထားတာလို့ သိရပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကော်မရှင်ဆန့်ကျင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားးစုတွေ အားကောင်းတဲ့နေရာလို့လည်း သိရပါတယ်။

လူ ၃၀ ခန့် အသတ်ဖြတ်ခံရပြီး လူ ၁၅၀ ဓားစာခံဖမ်းထားတယ်လို့ပြောချက်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင် ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။