မြန်မာအမျိုးသမီးတွေ ပိုဆိုးရွားတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရဟု ကုလကယ်ဆယ်ရေးအဖွဲ့ပြော

အိမ်၊ ဝင်ငွေနဲ့ အခြေခံဝန်ဆောင်မှု ဆုံးရှုံးခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေ ဘေးကင်းလုံခြုံစွာနဲ့ ကလေးမီးဖွားနိုင်ရေးကိုပင် စိုးရိမ်နေကြရ။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာတွေနဲ့ စီးပွားရေး အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ထုတ်ပြန်ပါတယ်။

အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုနဲ့ အကူအညီတွေကို လုံခြုံစိတ်ချစွာ လက်လှမ်းမှီရယူနိုင်ဖို့အတွက် အရေးကြီးကြောင်းလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ UNOCHA က ကြေညာချက်မှာ ပြောကြားထားပါတယ်။ ဒီကာလမှာ နေအိမ်၊ ဝင်ငွေနဲ့ အခြေခံ ဝန်ဆောင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ ဘေးကင်းလုံခြုံစွာနဲ့ ကလေးမီးဖွားနိုင်မဲ့ ကိစ္စတွေမှာတောင် စိုးရိမ်မကင်းဖြစ်နေကြရ တယ်လို့ မြန်မာနိုင်ငံ ရဲ့ ကုလသမဂ္ဂ ဌာနညှိုနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂွန် လူးဝစ် (Gwyn Lewis) က ပြောပါတယ်။

“အခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံရဲ့ နက်ရှိုင်းတဲ့ အကျပ်အတည်းကာလအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ နေအိမ်၊ ဝင်ငွေနဲ့ အခြေခံဝန်ဆောင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ ကျမစကားပြောခဲ့ရပါတယ်။ သူတို့ဟာ သူတို့ရဲ့ ရင်သွေးငယ်တွေ ကျွေးမွေးပြုစာရမဲ့ ကိစ္စတွေ ဒါမှမဟုတ် ဘယ်လို ဘေးကင်းလုံခြုံစွာမွေးဖွားရမလဲဆိုတဲ့ ကိစ္စတွေမှာတောင် စိုးရိမ်မကင်းဖြစ်နေကြရပါတယ်”

၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သားဖွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသမီးနဲ့ မိန်ကလေးငယ် ၅ ဒသမ ၉ သန်းခန့်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး လေးသိန်းခွဲကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားပါတယ်။

အကျပ်အတည်းမျိုးစုံကို အကူအညီမပါဘဲ ရင်ဆိုင်ဖြတ်သန်းနေရတာမျိုး မဖြစ်သင့်ဘဲ အမျိုးသမီးတွေအတွက် တရားမျှတမှု၊ အကာအကွယ်ပေးမှုနဲ့ တာဝန်ခံမှုရှိတဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်ဖို့ ကတိပြုကြောင်း သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာနေထိုင်တဲ့ ကလေးမိခင်တစ်ဦးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်စေချင်ပြီလို့ RFA ကို ပြောပါတယ်။

“အခက်အခဲတွေကတော့ ရှိတာပေါ့ မီးကလည်း လောင်ထားတာဆိုတော့ သွပ်လေးတွေ မိုးနေကြရတာ မီးလောင်ထားတဲ့ သွပ်တွေဆိုတော့ တာရှည်မခံဘူး။ ဘာတွေစိုးရိမ်လဲဆိုတော့ သားသမီးတွေအတွက် အဓိက ပူရတာပေါ့။ ပညာရေးကလည်း အဆက်ပြတ်တယ်။ နိုင်ငံရေးမြန်မြန်ပြီးပြီးတော့ လွတ်လွတ်လပ်လပ် နေချင်တယ်။ အခုကတော့ စိတ်တွေက မပျော်ဘူးပေါ့။ ကြောက်ကြောက်လန့်လန့်နဲ့ နေရတာလေ။ ဒီကနေ့တောင် လက်နက်ကြီးတွေနဲ့ ပစ်နေတာလေ”

အမျိုသမီးအခွင့်အရေးတွေကို ကာကွယ်ဖို့၊ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာ ထိန်းသိမ်းမြှင့်တင်ရေး အရေးပေါ် လုပ်ဆောင်ချက်တွေမှာ ပူးပေါင်းပါဝင်ဖို့၊ အမျိုးသမီးတွေရဲ့ အသံနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေကို ဦးစားပေးတဲ့ နည်းလမ်းတွေကို ဆောင်ရွက်ဖို့အတွက် တော်လှန်ရေး အစုအဖွဲ့အားလုံးကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သားဖွားနိုင်တဲ့အသက်အရွယ်ရှိတဲ့ အမျိုးသမီးနဲ့ မိန်ကလေးငယ် ၅ ဒသမ ၉ သန်းခန့်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး လေးသိန်းခွဲကျော် (၄၅၅,၀၀၀ ခန့်) ပါဝင်တယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အမျိုးသမီး နှစ်ထောင်ကျော် (၂၀၉၂ ဦး) သေဆုံးခဲ့ပြီး၊ အမျိုးသမီး ခြောက်ထောင်ကျော် ( ၆၃၁၅ ဦး) ဖမ်းဆီးခံခဲ့ရပါတယ်။