မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံတွေမှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု တွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့က RFA ကို ပြောပါတယ်။
အာဏာသိမ်း ငါးနှစ်အတွင်း လုပ်ငန်းခွင်အတွင်းမှာ အမျိုးသမီးအလုပ်သမားတွေ အလုပ်ရှင်တွေရဲ့ဖိနှိပ်မှုနဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တချို့ရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ရိုက်နှက် နှိပ်စက်တာတွေအထိ ရှိလာတယ်လို့ဆိုပါတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့မှာ အခုလို တောင်းဆိုတာလို့ RFA ကို ပြောပါတယ်။
“အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ ကျူးလွန်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့၊ လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေအတွက် လုံလောက်တဲ့ ဘေးကင်းလုံခြုံမှု အာမခံချက်ပေးဖို့နဲ့ နစ်နာခဲ့ရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ လျော်ကြေးတွေအပြည့်အဝပေးဖို့တွေဖြစ်ပါတယ်“
အခုတောင်းဆိုလိုက်တဲ့အချက်တွေကို STUM အနေနဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းတွေ ထံကိုလည်းတင်ပြသွားမှာဖြစ်တယ်လို့ပြောပါတယ်။ အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ ညှိနှိုင်းရမယ့် ကိစ္စမဟုတ်ဘဲ “အခြေခံအခွင့်အရေး” သာဖြစ်တယ်လို့လည်း ဆိုပါတယ်။
STUM ဟာ ၂၀၁၆ ခုနှစ် ကတည်းက ရန်ကုန်၊ ဧရာဝတီနဲ့ မန္တလေးတိုင်းက အလုပ်သမားသမဂ္ဂတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်း ၅ နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရတဲ့အမှုပေါင်း ၁,၁၇၂ အမှု ( ၁၂၀၀ နီးပါး) ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအကြမ်းမှုတွေဟာ မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံတွေအပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေတာဖြစ်တယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။
