မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ဖို့ အာဆီယံအနေနဲ့ ကြိုးပမ်းနေတာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တင်ပြခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အရေးတကြီးပေးဖို့ လိုအပ်နေတာကိုလည်း အထူးတလည် တင်ပြခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ထရီဇာ လာဇာရို (Theresa P. Lazaro) က ပြောကြားလိုက်ပါတယ်။
မတ်လ ၆ ရက်နေ့က X လူမှုကွန်ရက်မှာ ရေးသားလိုက်တာဖြစ်ပြီး မြန်မာနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးကို ပထမဆုံး တက်ရောက် အစီအရင်ခံရတာလည်းဖြစ်တယ်လို့သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာက ဦးဆောင်ပြီး မြန်မာတွေကပဲ ဆုံးဖြတ်စီရင်နိုင်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းတစ်ခု ပေါ်ထွန်းလာဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ တစ်ဖန်တိုးမြှင့်ကူညီပေးဖို့ကိုလည်း တင်ပြခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအရေး နဲ့ပတ်သက်ပြီး ဦးဆောင်အရေးဆိုတဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တို့ကို တင်ပြဖို့ ဖိတ်ခေါ်တဲ့အတွက် အခုလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြားနာပွဲ ပြုလုပ်တာဖြစ်ပါတယ်။
