“စစ်ရေးပြင်းထန်တဲ့ဒေသတွေမှာ ဗုံးခိုကျင်းနဲ့တွဲလျက် စာသင်ကျောင်းတွေလိုအပ်နေ”

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် အနည်းဆုံး ၂၈၇ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်က ကြားကာလပညာရေးကျောင်းတွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းအန္တရာယ်ကနေ အတတ်နိုင်ဆုံးကာကွယ်ဖို့ ဗုံးခိုကျင်းတွေအလုံအလောက်မရှိသေးတဲ့အတွက် သားသမီးတွေအတွက် မိဘတွေကလုံခြုံရေးစိုးရိမ်နေကြတယ်လို့ ဒုက္ခသည်အရေးအကူအညီပေးနေသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထောက်လှမ်းရေးမိုးပျံဘောလုံး (SPY Balloon) တွေနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ရွာတွေကို စုံစမ်းမှတ်သားပြီး ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေကလည်း ၂၀၂၄ ခုနှစ်ကစပြီး မြေအောက်စာသင်ကျောင်းတွေနဲ့ ဗုံးခိုကျင်းတွေ တည် ဆောက်လာကြတာြဖစ်ပါတယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်း အရာတော် မြို့နယ်မှာတော့ ဗုံးခိုကျင်းကောင်းကောင်းမရှိသေးတဲ့အတွက် လေကြောင်း အန္တရာယ် စိုးရိမ်ရတဲ့ရက်တွေမှာ သားသမီးကိုကျောင်းမလွှတ်ဘူးလို့ အမည်မဖော်လိုတဲ့မိဘတစ်ဦးက RFA ကိုပြောပါတယ်။

“မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ ဗုံးခိုကျင်းမရှိတဲ့ကျောင်းကို မလွှတ်ချင်ဘူးပေါ့။ ကျောင်းသား ကျောင်းသူတွေရဲ့ အသက်က ဒီဗုံးခိုကျင်းတွေပေါ်မှာ မူတည်နေတာဆိုတော့လေ”

NUG အစိုးရကဗုံးခိုကျင်းတစ်ကျင်းဆောက်ဖို့ ငွေကျပ်ငါးသိန်းထောက်ပံ့ပေမဲ့ တကယ့်ကုန်ကျစရိတ်က ငွေကျပ် သိန်းနှစ်ဆယ်ကျော်ရှိနေပါတယ်။ ဒေသခံတွေကိုယ်တိုင်လည်းဝင်ငွေမရှိဘဲရပ်တည်နေရတာကြောင့် စာသင် ကျောင်းတိုင်းမှာ ဗုံးခိုကျင်းမဆောက်နိုင်ကြဘူးလို့ပြောကြပါတယ်။

ကျောင်းတိုင်းမှာဗုံးခိုကျင်းတွေဆောက်ဖို့အခက်အခဲရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကိုပြောပါတယ်။

“ဒီ ဗုံးခိုကျင်းတွေဆိုတာကလည်း အားလုံးကိုဆောင်ရွက်နိုင်ဖို့အခက်အခဲရှိတယ်။ တတ်နိုင်သမျှတော့ ဒီဟာကို လုပ်ကိုင်ဆောင်ရွက်နေတာရှိတယ်။ နောက်တစ်ခုက လေကြောင်းရန်ကာကွယ်ရေးပေါ့။ ဒါနဲ့ ပတ်သက်ပြီး တော့လည်း အသိပညာပေးတာတွေ နောက်ပြီးတော့ လေကြောင်းရန်ကိုအချိန်နဲ့အမျှသိနေဖို့ ဆောင်ရွက်တာ တွေပေါ့"

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာပဲ အရာတော်မြို့နယ်အတွင်းက စာသင်ကျောင်းတွေကိုနှစ်ကြိမ်ထက်မနည်း စစ်ကော် မရှင်တပ်က ဗုံးကြဲခဲ့ပါတယ်။ အဲဒီအချိန်က ကျောင်းပိတ်ရက်ဖြစ်နေလို့သာ ကလေးတွေအန္တရာယ်ကလွတ်ခဲ့ တာလို့ပြောပါတယ်။

စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုတွေအမြဲမပြတ်ရှိနေတတ်တဲ့ စစ်ကိုင်းတိုင်းမှာ အဖက်ဖက်ကလိုအပ် နေသလို၊ ပညာရေးကဏ္ဍမှာပိုအားနည်းလာတယ်လို့ မော်လိုက်မြို့နယ်က အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တွေကိုကူညီနေတဲ့သူတစ်ဦးက ထောက်ပြပါတယ်။

“ပညာရေးဝန်ကြီးဌာနဘက်ကလည်း ကျွန်မအမြင်ကတော့ နည်းနည်းအားစိုက်မှုတွေနည်းနေသလိုထင်တယ်။ နောက်ပြီးတော့ လေကြောင်းရန်က ကျွန်မတို့ ကြောက်ရတယ်။ တချို့ မြို့နယ်တော်တော်မျာများက အခွန် ကောက်ခံရရှိတာတွေကိုလည်း စနစ်တကျ အသုံး မပြုနိုင်တဲ့အခါ ကျွန်မတို့စိတ်ထဲမှာ အားခဲထားသလောက် မျှော်မှန်းသလောက်မပေါက်မြောက်ဘူးလို့ မြင်တယ်"

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ မော်လိုက်စတဲ့ ဒေသ တွေမှာတော့ တောတောင်တွေထဲမှာပဲ ကလေးတွေကို ရေးတတ်ဖတ်တတ်အောင် သင်ပေးနေရတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကလေးတွေအတွက်ပညာရေးကဏ္ဍကို ရပ်ထားလို့မရဘူးလို့ CDM ကထိကဆရာမ ဒေါ်ရတီအုန်းက ပြောပါတယ်။

“တိုင်းပြည်ပြန်ပြီး ဦးမော့လာဖို့ ပြန်ပြီး နာလန်ထလာနိုင်ဖို့ အဲဒီအတွက်ကတော့ ပညာသင်ကြားရေးက မရှိမဖြစ်လိုအပ်တယ်။ ဒါကြောင့်မို့ ကျွန်မတို့ကလည်း နည်းလမ်းပေါင်းစုံကို သုံးပြီးတော့မှ ပညာသင်ကြား ရေးအတွက်အဆက်ပြတ် မသွားအောင် ကြိုးစားနေပါတယ်”

ကဘော်ချိုင့်ဝှမ်းဒေသ ကလေးနဲ့ တမူးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အခမဲ့စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပေမဲ့ စစ်ကော်မရှင်က ကလေး-တမူး (အာရှလမ်းမကြီး) ကို ပိတ်ထားတာကြောင့် ကျောင်းသားငါးထောင်ကျော်အတွက် စာရေးကိရိယာပစ္စည်းတွေရဖို့ခက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့နယ်မြေချင်းထိစပ်နေတဲ့ ချင်းပြည်နယ်က မြို့နယ်တချို့နဲ့ မကွေးတိုင်းက ယော၊ ဆော၊ ပေါက်၊ မြိုင် စတဲ့ဒေသတွေမှာတော့ စစ်ရေးပြင်းထန်တဲ့ကာလတွေမှာ စာသင်ကျောင်းတွေကို ရက်ရှည်ပိတ်ထားရတာ ကြောင့် ပညာရေးကဏ္ဍဟာ ဒီနေ့အထိ ပုံမှန်မလည်ပတ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ကယားပြည်နယ်မှာတော့ စာသင်ကျောင်းတွေကိုနေရာအသေမထားပဲ ရွှေ့နေရတယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညား ကပြောပါတယ်။

" နံပါတ် (၁)အချက် ကျွှန်တော်တို့ ပညာရေးဌာနနဲ့ တစ်သီးပုဂ္ဂလပညာရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့ ပုံမှန်အားဖြင့် အတတ်နိုင်ဆုံး ကျောင်းတွေရွှေ့တယ်။ ကျောင်းတွေပြောင်းတာကို လိုက်ကူထောက်ပံ့တယ်။ လူထုတွေကလည်း အတူဝန်းရံကြတယ်။ ရောက်တဲ့နေရာမှာ ပြန်ပြီးစာသင်တယ်"

အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ်မှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ငွေကျပ် ၁၈ ဒသမ ၂ ဘီလျံအသုံးပြုခဲ့တယ်လို့ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီအစည်းအဝေးမှာပြောဆိုထားပြီး ၂၀၂၅ ခုနှစ်ရော ၂၀၂၆ ခုနှစ်အတွက်အသုံးစရိတ်ကိုပါ အတိအကျ မသိရသေးပါဘူး။

RFA ကလက်လှမ်းမီသလောက် စုဆောင်းထားတဲ့အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ အနည်းဆုံး ၂၈၇ ယောက်အသက် ဆုံးရှုံးတာတွေ့ရပါတယ်။