ဗိုလ်နဂါးလက်နက်ချခဲ့တဲ့ ပုလဲနယ်မှာ စစ်တပ်ဝင်လို့ ဒေသခံသုံးသောင်းကျော် တိမ်းရှောင်နေရ

ယင်းမာပင်ခရိုင်မှာ ဒီသတင်းပတ်တွေအတွင်း စစ်ကြောင်းထိုးလို့ ကလေးတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရတယ်လို့ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ရွာပေါင်းလေးဆယ်ကျော်က လူ သုံးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူတွေအသက်ဆုံးရှုံး ဒဏ်ရာရတာတွေရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ကူညီနေသူတွေကပြောပါတယ်။

ပုလဲမြို့နယ် မရိုးတုံးရွာအပါအဝင် မြောက်ဘက်ခြမ်းကရွာတွေကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့သလို အိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးတဲ့အတွက် ကလေးတစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။ ကနီမြို့နယ်မှာလည်း နတ်လာပို့တောင်ရွာကို မတ်လ ၇ ရက်နေ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ အလှူလုပ်နေတဲ့အိမ်ထိသွားတဲ့အတွက် အရပ်သား ခုနစ်ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။

“လေယာဉ်တွေနဲ့ရော ဂျိုင်ရိုနဲ့ရော လာပစ်တာတွေရော လက်နက်ကြီးပစ်တာရော ရှိတာဆိုတော့ အနီးနားက ကျေးရွာတွေက ရှောင်ရတာပေါ့။ စစ်ကြောင်းဖြတ်သွားတဲ့နေရာနဲ့ အခုလက်ရှိမှာလည်း နဂိုက အေးအေး ဆေးဆေးဖြစ်နေတဲ့အခြေအနေတစ်ခုနဲ့ စစ်ကောင်စီအထိုင် ပျူရွာတွေနဲ့ နီးတဲ့ တချို့ရွာတွေက ခါတိုင်း အေးအေးဆေးဆေး ဖြစ်နေတဲ့အချိန်ကြတော့ တော်လှန်ရေးရဲဘော်တွေက ကာထားတဲ့အချိန်ကြတော့ သူတို့လည်းအေးအေးဆေးဆေး ရှိတာပေါ့။ ရွာမှာနေလို့ရတာပေါ့။ တချို့ကလည်း အခုစစ်ရေး စစ်ကြောင်း တွေနဲ့ ရှုတ်နေတဲ့အခါကျတော့ အနီးအနားမှာရှိတဲ့ကျေးရွာတွေကလည်း ရှောင်နေရတာရှိတယ်”

ဖေဖော်ဝါရီလ ၁၈ ရက်က ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တချို့ စစ်ကော်မရှင်တပ်ဆီလက်နက်ချပူးပေါင်းသွားပြီးတဲ့နောက်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကစလို့ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ်ဝင်လာပြီး ဒေသခံ တွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတာ၊ လေကြောင်းကတိုက်လို့ သေကြေပျက်ဆီးတာတွေရှိလာတဲ့အတွက် ဘေးလွတ်ရာထွက်ပြေးနေရတာပါ။

စစ်ဘေးဒုက္ခသည်တွေထဲမှာ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေး သူငယ်တချို့ပါဝင်နေပြီး ရာသီဥတုပူပြင်းလွန်းတဲ့အတွက်ကြောင့် ဓာတ်ဆားလို အခြေခံဆေးဝါးတွေလည်းလိုအပ်တယ်လို့ပြောကြပါတယ်။

လူသားဒိုင်းအဖြစ်ဖမ်းထားတဲ့ဒေသခံတွေကိုလည်း ချင်ပြစ်ရွာထဲမှာချုပ်နှောင်ထားပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“လူသားဒိုင်း ဖမ်းသွားတာက ပုလဲအထွက်ကတည်းက ဖမ်းသွားတဲ့ ခုနစ်ယောက်ဖမ်းတဲ့အထဲက သုံးယောက် လောက် မလွတ်လာသေးဘူးလို့ ကြားတယ်။ အဲဒီကနေ ဟိုဘက်မှာလည်းတောက်လျှောက်ဖမ်းတယ်။ ပြန်လွတ် တာရောရှိတယ် မလွတ်တာရောရှိတယ်။ အခု သူတို့ ချင်ပျစ်ရွာထဲမှာဆက်ပြီးနေနေတယ်။ အဲဒီထဲမှာကို လူသား ဒိုင်းတွေ ပြန်မလွတ်သေးဘူးလို့ ကြားတယ်။ နောက်ပြီး ချင်ပြစ်ရွာမှာရှိတဲ့ ပြည်သူလူထုကိုလည်း ထွက်ခွင့် လုံးဝမပေးဘူးဆိုပြီး ပြောနေတယ်”

ချင်ပြစ်ရွာနားမှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကာလမှာ စစ်တပ်ကအင်အားဖြည့်နေလို့ အခြေအနေတင်းမာနေတယ်လို့ ယင်းမာပင်ခရိုင်အခြေစိုက် ဓားမဆိုင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်စွမ်းသူမောင်က RFA ကိုပြောပါတယ်။

“စစ်ရေးက ပုလဲနယ်တစ်ခုတည်းမဟုတ်ဘူး ယင်းမာပင်ခရိုင် တစ်ခရိုင်လုံးပေါ့။ မနေ့ကဆိုရင် မုံရွာဘက်နေပြီ တော့ ကူးလာတဲ့ကားလေးစီး၊ အင်အားနှစ်ရာက ယင်းမာပင်ခရိုင် ယင်းမာပင်မြို့ထဲဝင်သွားတယ်။ အဲဒါပြီးတော့ ကနီဘက်မှာလည်း စစ်ကြောင်းတစ်ကြောင်းပါ။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးနေတာပေါ့။ အဲဒါကြောင့် စစ်ရေးကနှစ်ဖက်တင်းမာမှုတွေရှိပါတယ်”

ပုလဲမြို့မှာ ရပ်ကွက်တွေနဲ့ ကန့်ဒေါင့်၊ အင်မထီးနဲ့ မင်းတိုင်ပင်ရွာကို ပျူစောထီးနဲ့စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားပြီး ကျန်တဲ့ရွာအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ယင်းမာပင်ခရိုင်ကို စစ်ကော်မရှင်က ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာတွေ့ရတဲ့အတွက် တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“ယင်းမာပင်မှာရှိနေတဲ့ ထောင်ကျော်သောအင်အားတွေကို သူတို့က(စကစ) တိုက်စစ်ဆင်မယ်ဆိုရင် အင်အားသုံးဆနဲ့ ဆင်ရမှာမို့လို့ မြေပြင်စစ်ကြောင်းထိုးမယ်ဆိုရင် အင်အား သုံးထောင်ကျော်လောက်လိုမှာဖြစ်တဲ့အတွက် စုဖွဲ့နေရတုန်းလို့ကျွန်တော်တို့ကတော့ ခန့်မှန်းတယ်”

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် ပြည်တွင်းမှာနေရပ်စွန့်ထွက်ပြေးရတဲ့သူ (၃.၆) သန်းကျော်ရှိနေပြီး ၂၀၂၁ ခုနှစ်ကထက်စာရင် သုံးဆမြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။