အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သိမ်းယူထားတဲ့ မန္တလေးတိုင်းအတွင်းက နောက်ဆုံးလက်ကျန် တကောင်းမြို့ကိုစစ်ကော်မရှင်တပ်တွေက မတ်လ ၁၀ ရက် ဒီနေ့ညနေပိုင်းမှာ သိမ်းယူလိုက်တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ တော်လှန်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးက အမှတ်-၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း(တတက-၁၃)ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ရက်နေ့ကစပြီး တကောင်းမြို့ကို စတင် ထိုးစစ်ဆင်ပြီး မတ်လ ပထမပတ်မှာတော့ ထိုးစစ်အရှိန်ကို မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့က တကောင်းမြို့လမ်းဆုံနဲ့ ခြောက်မိုင်အကွာက ရေယာဉ်ရွာကို ရောက်နေတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာတော့ မြို့နဲ့နှစ်မိုင်ပတ်လည်အကွာကို လက်နက်ကြီး ပစ်ကူတွေနဲ့အတူ ရောက်ရှိလာပြီးနောက် မြို့ကိုသိမ်းယူသွားတာလို့ တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“မြို့ထဲအထိတော့ အခုထက်ထိ မရောက်ကြသေးပါဘူး။ လမ်းဆုံကနေတဆင့် မြို့ပတ်ပတ်လည်ကို ဝင်ကုန်ကြပြီ။ မနက်ကတည်းက လေကြောင်းရောလက်နက်ကြီးရော ဆက်တိုက်ကိုပစ်နေကြတာ”
ဒါ့အပြင် တကောင်းမြို့ဟာ ထီးချိုင့်၊ ကသာ၊ ရွှေဘိုမြို့နယ်နဲ့ ဆက်စပ်နေသလို ကချင်ပြည်နယ်ဝင်ပေါက် ဗန်းမော်မြို့နဲ့လမ်းမတစ်ခုထဲပေါ်မှာရှိပြီး စစ်ရေးအရ အတိုင်းအတာတခုအထိ အရေးပါတဲ့ မြို့လည်း ဖြစ်ပါတယ်။
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၂ ရက်မှာ NUG လက်အောက်ခံတပ်တွေနဲ့ ဒေသအခြေစိုက်ပူး ပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဘက်က မြို့ကို ပြန်ရဖို့အတွက် လေကြောင်း ကနေ နည်းပညာမြင့်ဒရုန်းတွေကို အလွန်အကျွံအသုံးပြုကာ မြေပြင်စစ်ကြောင်းကနေလည်း လက်နက်ကြီး ပစ်ကူတွေနဲ့ ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လက မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းက အယ်ဖာဘိလပ်မြေ စက်ရုံကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူပြီးနောက် စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းတို့ကို အင်အားရာချီ စစ်ကြောင်းထိုးပြီး ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ငါန်းဇွန်၊မြင်းခြံ၊ သပိတ်ကျင်း၊ စဉ့်ကူး၊မတ္တရာစတဲ့ မြို့နယ်တွေမှာနေထိုင်တဲ့ ဒေသခံငါးသောင်းကျော်ဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေနဲ့ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမတွေမှာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ဖြစ်သလိုနေထိုင်နေကြရတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။
