စစ်တပ်ဖမ်းဆီးထားသည့် ရွာသား ၃၀၀ ကျော် လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေ ကယ်ထုတ်

စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်း ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာတွေကို မတ် ၅ ရက်နေ့က စစ်ကြောင်းထိုးပြီး လူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့ဟုဆို။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာ တွေမှာ စစ်ကော်မရှင် စစ်ကြောင်း သုံးကြောင်းက ဖမ်းဆီးထားတဲ့ အရပ်သား ပြည်သူ ၃၀၀ ကျော်ကို စစ်ကော်မရှင်ဆန့်ကျင်ရေး ဒေသတွင်း လက်နက်ကိုင်ပူးပေါင်းတပ်တွေက ကယ်ထုတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပဲခူးတိုင်းစစ်ဌာနတို့က မတ်လ ၁၀ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၇ ရက်ညနဲ့ မတ်လ ၈ ရက်မနက်မှာ ပြုလုပ်ခဲ့တဲ့ ကယ်ဆယ်ရေး တိုက်ပွဲမှာ NUG ပဲခူးတိုင်းစစ်ဌာနက တပ်ဖွဲ့ဝင် ၉ ဦး၊ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ က တပ်သား ၂ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကော်မရှင်တပ်ကလည်း ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကယ်ထုတ်လာတဲ့ လူ ၃၀၀ ကျော်ကို လွတ်မြောက်ရာဒေသများသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မတ် ၅ ရက်နေ့က စစ်ကော်မရှင် တပ်မ ၇၇ ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းဟာ ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာတွေကို စစ်ကြောင်းထိုးပြီး လူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့သလို လူ ၃၀၀ ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။