၂၀၂၆ လအတွင်း ကိုယ်ဝန်ဆောင်မိခင်နှစ်ဦးအပါအဝင် အမျိုးသမီး ၁၀၀ ကျော်သေဆုံး

စစ်ကော်မရှင်တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီမှာ စစ်ကိုင်းတိုင်းမှာ သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ဖေဖော်ဝါရီမှာ ရခိုင်ပြည်နယ်မှာ အများဆုံး သေဆုံးခဲ့။

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း အမျိုးသမီး စုစုပေါင်း ၁၁၈ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှုး (၂) မယဉ်မျိုးက FRA ကိုပြောပါတယ်။

ဇန်နဝါရီလက အမျိုးသမီး ၅၅ ဦးသေဆုံးခဲ့ပြီး ဖေဖော်ဝါရီလမှာ ၆၃ ဦး သေဆုံးခဲ့တာကြောင့် သေဆုံးမှုနှုန်း ပိုမိုမြင့်တက်လာခဲ့သလို အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၂ ဦးအထိ သေဆုံးခဲ့တာဖြစ်တဲ့အတွက်လည်း ကလေးငယ်တွေအပေါ် သက်ရောက်မှုက ပိုမိုဆိုးရွားလာတယ်လို့ဆိုပါတယ်။

ဇန်နဝါရီလမှာ စစ်ကိုင်းတိုင်းက သေဆုံးမှုအများဆုံး ၂၀ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီလမှာ ရခိုင်ပြည်နယ်က သေဆုံးသူ ၂၂ ဦးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နှစ်လလုံးမှာ သေဆုံးရတဲ့ အဓိကအကြောင်းရင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ကြောင့်ဖြစ်ပြီး၊ ဇန်နဝါရီလမှာ ၄၆ ဦးနှင့် ဖေဖော်ဝါရီလမှာ ၄၆ ဦး၊ စုစုပေါင်း ၉၂ ဦး လေကြောင်းကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး လွှတ်တော်မခေါ်ခင်အချိန်အတွင်းမှာပင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင် စစ်ဆင်ရေးတွေကြောင့် သေဆုံးမှုနှုန်း ပိုမြင့်တက်လာရတာဖြစ်တယ်လို့ မယဉ်မျိုးက RFA ကိုပြောပါတယ်။

“ဖေဖော်ဝါရီလမှာ သေဆုံးမှုနှုန်း မြင့်တက်လာတာက စစ်ကောင်စီ ခွဲခြားမှုမရှိဘဲ အပြစ်မဲ့တဲ့ပြည်သူတွေနေတဲ့ နေရာတွေအပါဝင် လေကြောင်းနဲ့တိုက်ခိုက်လာတာကြောင့် ပိုများလာတာဖြစ်ပါတယ်။ ပြီးတော့ မြေပြင်မှာလည်း စစ်ဆင်မှုတွေ ထိုးစစ်တွေလုပ်နေတယ်၊အပြစ်မဲ့ပြည်သူတွေကိုလည်း သတ်ဖြတ်တယ်၊ ရခိုင်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့်လည်း အမျိုးသမီးသေဆုံးမှုက ဒီလမှာ ရခိုင်က အများဆုံးဖြစ်ခဲ့ရတာပါ။ “

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရချိန်က အမျိုးသမီး ၁၃ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာကြောင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်တွေထဲမှာ အဆိုးရွားဆုံးဖြစ်ခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရတာလည်း စစ်ကောင်စီကြောင့်ဖြစ်တယ်လို့ BWU က ပြောပါတယ်။

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ၂၀၂၆ နှစ် - ပထမနှစ်လအတွင်း အမျိုးသမီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။ ဒီအထဲမှာ အမျိုးသမီး ၈၂ ဦး ၆၈ ရာခိုင်နှုန်းကျော်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြောင့်ဖြစ်ရပြီး လက်နက်ကြီး ပြစ်ခတ်မှုကြောင့် ၁၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၅ ဦး၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်တယ်လို့ BWU က ပြောပါတယ်။