စစ်ငြိမ်းမယ့် ဆွေး‌‌နွေးပွဲမျိုးသာ စစ်တပ်နဲ့ ဆွေးနွေးမည်ဟု တရုတ်ကို KIO ‌‌ပြော

မြစ်ကြီးနားခရီးသည်တင်လေယာဉ် တိုက်ခိုက်မှု စစ်ကော်မရှင် စွပ်စွဲထားသလို KIO လက်ချက် မဟုတ်ကြောင်းလည်း တရုတ်နိုင်ငံကို ပြောကြားခဲ့ဟုဆို။

ပြည်တွင်းစစ်ကို တကယ် ငြိမ်းချမ်းနိုင်လောက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မယ်ဆိုရင် စစ်ကော်မရှင်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က တရုတ်နိုင်ငံကို ပြောကြားလိုက်ပါတယ်။ KIO အနေနဲ့ မြန်မာ စစ်ကော်မရှင် နိုင်ငံရေးအရ ဆွေးနွေးသင့်တယ်လို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းခဲ့အပြီး KIO ခေါင်းဆောင်တွေက အခုလို တုံ့ပြန်ပြောကြားခဲ့တာလို့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မတ်လ ၁၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။

တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်တို့ ဦးဆောင်တဲ့အဖွဲ့က တရုတ်နိုင်ငံမှာ တရုတ်အစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“KIO အဖွဲ့အနေနဲ့လည်း စစ်ကော်မရှင်နဲ့ ဆွေးနွေးရင် ကောင်းပါတယ်ဆိုပြီးမှ အကြုံပြုထားတာ ရှိပါတယ်။ ကျနော်တို့ KIO အနေနဲ့လည်း ဆွေးနွေးဖို့တော့ အဆင်သင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေပေါ့နော် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေကို ငြိမ်းချမ်းနိုင်လောက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုလို့ရှိရင်တော့ ကျနော်တို့လည်း အမြဲတမ်းအဆင်သင့် ဖြစ်ပါတယ်တယ်ဆိုပြီးမှ ကျနော်တို့ သူတို့ကို ပြန်ပြောတာ ရှိပါတယ်”

အခုမတ်လအတွင်း တရုတ်အစိုးရရဲ့ အရေးပါတဲ့ အစည်းအဝေးတွေ ကျင်းပဖို့ ရှိနေတာကြောင့် တရုတ်-မြန်မာ နှစ်ဘက်လုံးက ပြည်သူတွေရဲ့ လုံခြုံရေးအတွက် နယ်စပ်ဒေသမှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ အတွက်လည်း တရုတ်နိုင်ငံဘက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၄ ရက်နေ့ကစလို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နဲ့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေကို ကျင်းပနေတာပါ။

တရုတ်အဆင့်အမြင့်အရာရှိတွေနဲ့ KIO တို့တွေ့ဆုံပွဲအတွင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ်မှာ ခရီးသည်တင် လေယာဉ် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံဘက်က မေးမြန်းခဲ့ပြီး ဒီတိုက်ခိုက် မှုကို စစ်ကော်မရှင် စွပ်စွဲထားသလို KIO တိုက်ခိုက်တာ မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိမှာ တရုတ်က တိုက်တွန်းသလိုမျိုး KIO တစ်ဖွဲ့တည်းနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာမျိုး ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“တရုတ်တိုက်တွန်းတဲ့ စစ်ကော်မရှင်နဲ့ ဆွေးနွေးဖို့ဆိုတာက ဖြစ်နိုင်မယ်မထင်ပါဘူး။ ဒီအခြေအနေကို KIO နဲ့ ERO (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့) တွေအားလုံးကလည်း မျှော်လင့်ပြီးသား ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ စစ်ကော်မရှင်ရဲ့ လွှတ်တော်တွေ ပေါ်လာမယ်၊ အစိုးရတွေ ပေါ်ပြီးရင် ဒီလမ်းကိုခင်းလာကြမယ်ဆိုတာ သူတို့နားလည်းတာ ပေါ့နော်။ ဒီအတွက် ပြီးခဲ့တဲ့လအစတုန်းက ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော် ပြောထားတာလည်း ရှိတာပေါ့ဗျာ။ သူတစ်ဖွဲ့တည်း အရင်စကားပြောဖို့ ပုံစံမျိုးနဲ့တော့ KIO က လက်မခံဘူး။ NUG အပါအဝင် ကျန်တဲ့ ERO တွေအားလုံး ဆုံပြီး အကုန်လုံး ပြောချင်တယ်ဆိုရင်တော့ သူတို့လက်ခံမဲ့ ပုံစံတော့ ရှိပါတယ်”

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့ အပစ်ရပ်ထားနိုင်ပြီး နောက်ထပ် တရုတ်နဲ့ နီးစပ်တဲ့ KIO အပါအဝင် အာရက္ခတပ်တော် (AA) တို့နဲ့သာ အပစ်ရပ်ရေး ထပ်မံလုပ်ဆောင်နိုင်ရင် တည်ငြိမ်မှု အထိုက်အလျောက် ရလာနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ တရုတ်က စစ်ကော်မရှင်နဲ့ ဆွေးနွေးဖို့ တိုက်တွန်းနေတာလို့ သူက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကတော့ စစ်ကော်မရှင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံဆွေးနွေးနိုင်သလားလို့ မေးခွန်းထုတ်ထားသလို တစ်ဖွဲ့ချင်း လိုက်လံတွေ့ဆုံတဲ့ ပုံစံမျိုးကိုလည်း KIO က လက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အသိပေးထားကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့ အမေရိကန်ပြည်ထောင်စု တက္ကဆတ်ပြည်နယ်မှာ ကျင်းပတဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေး အထိမ်းအမှတ်အခမ်းအနားမှာ ပြောဆိုထားပါတယ်။