စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် NUG လက်အောက်ခံ တပ်ရင်းအမှတ် (၂၀) က PDF ရဲမေတစ်ဦး မုဒိန်း ကျင့်နှိပ်စက်ခံရတဲ့အမှုနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ တပ်ရင်းမှူး၊ ဒုတပ်ရင်း မှူးနဲ့ သံသယတရားခံတို့ကိုဖမ်းထားပြီး ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၁၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အမှုမှန်ပေါ်ပေါက်အောင်ဝိုင်းဝန်းဆောင်ရွက်ဖို့နဲ့ နစ်နာသူနဲ့ သက်သေတွေဘေးကင်းလုံခြုံဖို့အတွက်လည်း အကောင်းဆုံးဆောင်ရွက်ပေးမယ်လို့ NUG က ကြေညာပါတယ်။
ဒီဖြစ်ရပ်ကို နစ်နာသူတွေဘက်က ဒေသတွင်းမီဒီယာတွေမှာဖွင့်ချလိုက်ပြီးနောက်ပိုင်း တပ်ရင်း (၂၀) ဘက်က မိသားစုကိုပြန်ခေါ်တာကြောင့် လတ်တလောမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တိုင်ကြားသူတွေဘက်က RFA ကိုပြောပါတယ်။
NUG ကလုံခြုံရေးအာမခံတယ်ဆိုပေမယ့် အမှုစစ်တဲ့အခါလူကိုယ်တိုင်ထွက်လာရမယ်ဆိုရင် တခုခုဖြစ်မှာစိုးရိမ်တယ်လို့ နစ်နာသူ PDF ရဲမေရဲ့ ခင်ပွန်းက RFA ကို ပြောပါတယ်။
“သူတို့အာမခံတာက စာရွက်ပေါ်မှာပဲ အာမခံထားတာလေဗျာ။ လောလောဆယ်က ကျနော်တို့မှာ လုံခြုံရေး စိတ်ချရမှုမရှိသေးတဲ့အတွက် လူလုံးတော့ မထွက်ရဲဘူး။ ဒါပေမဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် အဆင်ပြေ တယ်ဆိုရင်ရတယ် ကျနော်တို့ Zoon Meeting ပုံစံမျိုး Video Call ခေါ်မယ်၊ အဲဒီလိုမျိုးဆိုရင် ကျနော်တို့စစ်ဆေးမှုခံယူပါမယ်၊ ရတယ်။ ဒါပေမဲ့ လူလုံးထွက်လာပြီးတော့မှစစ်ဆေးမယ် အမှုမှန်ပေါ်ပေါက်မယ်ဆိုရင်ကျတော့ ဒါကတော့နည်းနည်းစဉ်းစားစရာပေါ့။ ကိုယ့်မိသားစုကို တစ်ခုခုလုပ်ခံရမှာ တစ်ခုခုဖြစ်သွားမှာ တအားစိုးရိမ်တယ်”
နစ်နာသူ PDF ရဲမေဟာ စိတ်ဒဏ်ရာရနေသလို၊ တိမ်းရှောင်နေရတဲ့အတွက်ကြောင့်လည်း ဆေးကောင်းကောင်းမကုနိုင်သေးဘူးလို့ သူ့ခင်ပွန်းကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ နစ်နာသူနဲ့ မိသားစုဝင်တွေအတွက် လုံခြုံရေးအာမခံချက်ပေးနိုင်အောင် အစွမ်းကုန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
“အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း နစ်နာသူတွေဘက်ကရော အခြားသောသက်သေတွေရော ပူးပေါင်းပါဝင်ကြဖို့ပေါ့နော်။ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းထားတာဖြစ်ပါ တယ်။ လုံခြုံရေးအာမခံချက်ပေးနိုင်ဖို့လည်း အစွမ်းကုန်ဆောင်ရွက်လျက်ရှိတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိလည်းပဲ နစ်နာသူနဲ့ မိသားစုဝင်တွေပေါ့နော်။ ဒါတွေကိုလည်းပဲ ဆက်သွယ်နိုင်ဖို့ ကြိုးစားနေတာတွေ ရှိပါတယ်”
ကျူးလွန်သူတွေကိုလည်း ကျောသား၊ ရင်သားမခွဲဘဲ ထိထိရောက်ရောက်အရေးယူမှာဖြစ်ပြီး ဒီလိုမျိုးဖြစ်ရပ်တွေထပ်မဖြစ်အောင် ဖိဖိစီးစီးဆောင်ရွက်မယ်လို့လည်း သူကပြောပါတယ်။
ဖြစ်ပုံကတော့ ဒီလိုပါ။ ကျူးလွန်ခံရသူဟာ အသက် ၂၅ နှစ်အရွယ် PDF ရဲမေဖြစ်ပြီး အိမ်ထောင်နဲ့ သားလေးတစ်ယောက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ အဲဒီရဲမေဟာ အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိပဲအလှူခံတယ်ဆိုပြီး တပ်ရင်း (၂၀) တပ်ရင်းမှူးရော၊ ဒုတပ်ရင်းမှူးကပါ ရိုက်နှက်နှိပ်စက်ပြီး ခရိုင်ပြည်သူ့လုံခြုံရေး (ပ.လ.ဖ) အချုပ်မှာ ဖမ်းဆီးချုပ်နှောင်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီလိုချုပ်ထားတဲ့အချိန်မှာ လက်ရှိသံသယတရားခံအဖြစ်အဖမ်းခံထားရတဲ့သူက PDF ရဲမေကို ကလေးနဲ့ဗန်းပြခြိမ်းခြောက်ပြီး မုဒိန်းကျင့်သလို၊ ခြေထောက်မှာလည်း ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ မိသားစုဝင်တွေ ဘက်က ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် ပါဝင်ပတ်သက်သူအားလုံးကို ထိထိရောက်ရောက်အရေးယူဖို့လိုအပ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက် အထွေထွေအတွင်းရေမှူး (၁) မဝေဝေ က RFA ကို ပြောပါတယ်။
“မုဒိန်းမှုအပြင် ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မှု အကြမ်းဖက်မှုလည်းဖြစ်တယ်။ ဒါတွေအားလုံးကိုကျူးလွန်တဲ့သူတွေ ပါဝင်ပတ်သက်တဲ့သူတွေ ကျူးလွန်တာတွေကို အားပေးတဲ့သူတွေအားလုံးကို ထိရောက်တဲ့ အပြစ်ပေးအရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ အရေးတကြီးလိုအပ်တယ်လို့ပြောချင်ပါတယ်”
ဒီဖြစ်ရပ်ကိုထိထိရောက်ရောက်ရေးယူပေးဖို့ တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့ကလည်း မတ်လ ၉ ရက်နေ့မှာ စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆိုတိုက်တွန်းထားပါတယ်။
