AA စစ်သုံ့ပန်းစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်အရာရှိအများစုအပါအဝင် ၁၁၆ ဦးသေဆုံး

AA ဖမ်းဆီး ချုပ်နှောင်ထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့အရာရှိအများဆုံး သေဆုံးခဲ့ရပြီး အဖွဲ့ရဲ့ သမိုင်းမှာ သုံ့ပန်းအများဆုံး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ဟုဆို။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှာရှိတဲ့ အာရက္ခတပ်တော် (Arakan Army) ရဲ့ စစ်သုံ့ပန်း အကျဥ်းစခန်းကို ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့ မနက် ၁၁ နာရီခန့်ကနေ နေ့လယ် ၂ နာရီခွဲခန့်အထိ စစ်ကော်မရှင် လေတပ်က ဂျက်တိုက်လေယာဥ် ၄ စီး၊ စစ်သယ်ယူပို့ဆောင်ရေး Y-12 လေယာဥ် ၄ စီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ အတွက် အကျဥ်းစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ စစ်သုံ့ပန်း အကျဥ်းသား ၁၁၆ ဦး သေဆုံးခဲ့ပြီး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က မတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် AA က ဖမ်းဆီးထားတဲ့ စစ်ကော်မရှင်တပ် ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးနဲဲ့ ဗိုလ်မှူးချုပ်အဆင့် တပ်အရာရှိကြီးတွေလည်း သေဆုံးခဲ့ရတဲ့အပြင် အရပ်သား ပြစ်ဒဏ်ကျခံနေရတဲ့သူတွေလည်း သေဆုံးခဲ့ တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အချိန်တစ်ပတ်ကြာ သေချာထောက်လှမ်းပြီးမှာ ဗုံးကြဲတိုက်ခိုက်တာဖြစ်လို့ ရက်စက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ စစ်သုံ့ပန်းအဖြစ် အကျဥ်းကျနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက ပြည်တွင်း သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ AA က ဖမ်းဆီး ချုပ်နှောင်ထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့အရာရှိကြီး စစ်သုံ့ပန်းအများဆုံး သေဆုံးခဲ့ရပြီး အဖွဲ့ရဲ့ သမိုင်းမှာ သုံ့ပန်းအများဆုံး သေခဲ့ရတဲ့ အဖြစ်အပျက်လို့လည်း AA သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။