ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ ရွှေကူမြို့နယ်ကြားက ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စင်းခန်းကျင်းရွာအနီး ရွှေမျောနဲ့ ရွှေကျင်နေကြတဲ့ ရွှေဖောင်တွေကို စစ်ကော်မရှင်လေတပ်က မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်မှာ တရုတ်လုပ် Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ရွှေလုပ်ငန်းလုပ်ကိုင်နေသူ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင် လေတပ် တိုက်လေယာဥ် ၃ စီးနဲ့ နန့်ခုတ်ရွာနဲ့ မြလယ်ကျေးရွာ တကြောမှာရှိတဲ့ ရွှေမျှော ဖောင်တွေကို ဗုံးချတိုက်ခိုက်တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အမျိုးသမီးတစ်ဦးက Kachin Waves သတင်းဌာနကိုပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရွှေမျှောဖောင်စက်လှေ ၅ စီး မီးလောင်သွားခဲ့ပြီး စက်လှေပေါ်ပါ အလုပ်သမား အားလုံး သေဆုံးသွားခဲ့ပြီး တစ်ဦးသာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
လောလောဆယ် ဒေသခံတွေ ခန့်မှန်းချက်အရ အရပ်သား ရွှေမျောလုပ်ငန်းလုပ်သူ ဆယ်နဲ့ချီ သေဆုံးရနိုင်ပြီး ဒဏ်ရာနဲ့ ရေထဲမျှောပါသွား သူတွေလည်း ရှိတဲ့အတွက် အရေအတွက် တိတိကျကျ မသိနိုင်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ရွှေဖောင်တွေ ဗုံးကြဲခံရစဥ် ရွှေတူး စက်ကိရိယာတွေအတွက် သုံးတဲ့ လောင်စာဆီ ပေပါတွေကို ထိမှန် ပေါက်ကွဲတဲ့အတွက် သေဆုံးသူ ၃၀ ခန့်သာ ရှိမယ်လို့ ဒေသခံများက ပြောဆိုကြပေမယ့် လောလောဆယ် ဒဏ်ရာရရှိသူ ၂၀ ဦးနဲ့ သေဆုံးသူ အလောင်း ခြောက်လောင်းကိုသာ ဆယ်ယူနိုင်သေးတယ်လို့လည်း ဒေသခံတစ်ဦးက မြန်မာနောင်း (Myanmar Now) သတင်းဌာနကို ပြောပါတယ်။
ဒီနေရာမှာ အနယ်နယ်အရပ်ရပ်က ရွှေမျှော တိုက်သူတွေနဲ့ ဗန်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေသာရှိပြီး ရွှေမျှောဖောင်အစီးရေ ထောင်နဲ့ချီလုပ်ကိုင်နေတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
