စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းတစ်ခုထဲမှာ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ ၈၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ နေ့က အစီအရင်ခံစာထုတ်ပြန် ပြောကြားလိုက်ပါတယ်။
သေဆုံးသူအများစုဟာ စစ်တပ်နဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ နှစ်ဘက်စလုံးက အရပ်သား တွေကို ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်ခဲ့တာကြောင့်ဖြစ်ပြီး ဒီသေဆုံးရမှုတွေထဲမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးစစ်ဆေးပြီး နှိပ်စက်သတ်ဖြတ်တာ၊ လမ်းသွားလမ်းလာတွေကို မှားယွင်း ပစ်ခတ်တာ၊ စစ်ကော်စီထောက်ခံသူတွေနဲ့ ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာ၊ စစ်ဆန့်ကျင်ရေး အဖွဲ့ ထောက်ခံသူတွေကို သတ်ဖြတ်တာတွေပါတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ရန်ကုန်တိုင်းအတွင်း အရပ်သား ၇၇၁ ဦး သေဆုံးပြီး ၁,၁၆၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ သေဆုံးသူ ၈၄ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပြီး၊ အမျိုးသမီး ၁၀၄ ဦးနဲ့ ကလေးသူငယ် ၅ ဦးလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သေဆုံးသူ ၆၀၀ ဦး မှာ တိုက်ရိုက်ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခံရသူတွေဖြစ်ပြီး၊ လက်လုပ်မိုင်းနဲ့ ဗုံးပေါက်ကွဲမှုတွေ ကြောင့် ၆၆ ဦး သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် မတ်လမှာ အရပ်သား ၉၄ ဦး သေဆုံးခဲ့ရတာကြောင့် အသက်ဆုံးရှုံးခဲ့ရမှု အများဆုံးလဖြစ်ခဲ့ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မှာ သေဆုံးသူ ၆၆ ဦးနဲ့ အများဆုံး သေဆုံးခဲ့ရပြီး တွံတေးမြို့နယ်က ၄၇ ဦးနဲ့ ဒုတိယအများဆုံးလို့သိရပါတယ်။
ဒါ့အပြင် လှိုင်သာယာမှာလည်း မိုင်းပေါက်ကွဲမှုကြောင့် ၃၄ ဦး သေဆုံးခဲ့ရပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ လူသိများထင်ရှားတဲ့ အင်းစိန်အကျဉ်းထောင် ပါဆယ်ဗုံးပေါက်ကွဲမှုမှာလည်း ၈ ဦး သေဆုံးခဲ့ ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်က နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ရန်ကုန် မြို့ပြလုံခြုံရေး ဟာ နယ်မြို့တွေလို ဗုံးကြဲခံနေရတာမျိုးမဟုတ်ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမျိုးကတော့ ရှိနေဆဲပဲလို့ RFA ကိုပြောပါတယ်။
“ စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်လိုမြို့၊ နိုင်ငံတကာသံရုံးတွေရှိတဲ့ ရန်ကုန်လိုမြို့မှာတောင် အရပ်သား ပြည်သူ ၁,၉၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရတာမို့ မတည်ငြိမ်မှုတွေဖြစ်နေတာပေါ့နော်၊ တကယ့် ထိခိုက် သေဆုံးမှုက ဒိထက်လည်း များနိုင်ပါသေးတယ်။ ရန်ကုန်ဟာ မြို့ပြဆိုပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမျိုးကတော့ ရှိနေဆဲပါပဲ“
၂၀၂၃ ခုနှစ်နောက်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေကြောင့် ရန်ကုန်တိုင်းမှာ အရပ်သားပြည်သူ သေဆုံးမှုနှုန်း လျော့ကျလာပေမယ့် လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ မိုင်းအန္တရာယ်တွေကတော့ ဆက်လက်ရှိနေတုန်းပဲလို့ ပြောပါတယ်။
ရန်ကုန်သည် အခြားပြည်နယ်များကဲ့သို့ လေကြောင်းတိုက်ခိုက်မှု တိုက်ရိုက်မခံရသော်လည်း မြို့ပြပြောက် ကျားစစ်နဲ့ ပစ်မှတ်ထားသတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံမှုမရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီအဖွဲ့ဝင် ရန်ကုန်တိုင်းရဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း မြန်မာနိုင်ငံမှာရှိတဲ့ အရပ်သားပြည်သူတွေကို ဘေးကင်း လုံခြုံရေး အတွက် ပိုမိုထိရောက်တဲ့ ကာကွယ်မှုတွေ ပြုလုပ်ပေးဖို့ Data for Myanmar က တိုက်တွန်း ထားပါတယ်။
