ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ True Green City ကော်စေ့ စက်ရုံက အလုပ်သမား သမဂ္ဂ အတွင်းရေးမှူး မထက်ပြည့်ပြည့်လင်းကို တရုတ်နိုင်ငံသား နည်းပညာရှင် (Technician) က ဒဏ်ရာ ရတဲ့အထိကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တဲ့အမှုအတွက် မတ်လ ၁၂ နေ့က ရွှေပြည်သာ မြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ True Green City စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က စက်ရုံမှာ အလုပ် လုပ်နေချိန် တရုတ်နိုင်ငံသား နည်းပညာရှင် အမျိုးသမီးက မထက်ပြည့်ပြည့်လင်းရဲ့ နောက်ကျောကို မာကျောတဲ့ အရာဝတ္ထုနဲ့ ဒဏ်ရာရရှိအောင် ရိုက်နှက်တာ၊ ဆောင့်တွန်း တာ၊ ပလပ်စတစ်အိပ်နဲ့ ထပ်ရိုက်နှက်ခဲ့တာတွေကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၂၃၊ နာကျင်စေမှု နဲ့ အရေးယူပေး ဖို့ တိုင်တန်းချက်ကို ရွှေပြည်သာမြို့နယ်တရားရုံးက အမှုလက်ခံခဲ့ပါတယ်၊
True Green City စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ကတော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတင်မကဘဲ သမဂ္ဂရဲ့ အခန်းကဏ္ဍကို နှိမ်နင်းဖို့နဲ့ တခြားအလုပ်သမားတွေကိုပါ ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဒီလုပ်ရပ်ဟာ အလုပ်ခန့်ထားမှုစာချုပ် (EC) ပါ စည်းကမ်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်တာပါ။ အလုပ်ရှင်နဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေဟာ အလုပ်သမားအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခွင့် မရှိသလို ဂုဏ်သိက္ခာညှိုးနွမ်းအောင်လည်း မလုပ်ရပါဘူး။ အခုဟာက တည်ဆဲဥပဒေကိုတင်မကဘဲ လုပ်ငန်းခွင် စည်းကမ်းကိုပါ ဖောက်ဖျက်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ခံရသူဟာ အလုပ်သမားသမဂ္ဂရဲ့ အတွင်းရေးမှူး ဖြစ်နေတာကြောင့် ဒါဟာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတင်မကဘဲ သမဂ္ဂရဲ့ အခန်းကဏ္ဍကို နှိမ်နင်းဖို့နဲ့ တခြားအလုပ်သမားတွေကိုပါ ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်တာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါကြောင့် ထိရောက်တဲ့ အရေးယူမှုမျိုး ရှိဖို့ လိုပါတယ်။”
ဒီအမှုနဲ့ပတ်သက်လို့ မတ်လ ၁၂ နေ့ဟာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး တရားရုံးက လာမယ့် မတ်လ ၂၆ နေ့ကို ဒုတိယအကြိမ်ရုံးချိန်းအဖြစ် ချိန်းဆိုထားတယ်လို့ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ True Green City စက်ရုံကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်းမရှိသလို စက်ရုံဘက်က တရားဝင်ထုတ်ပြန်ချက်လည်းမရှိသေးပါဘူး။
True Green City ကော်စေ့စက်ရုံဟာ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ အမှတ် ၂၃ ရပ်ကွက်၊မဟာမြိုင် လမ်းမှာ တည်ရှိပြီး အလုပ်သမားသမဂ္ဂကို ဖြိုခွဲတာ၊ ဦးဆောင်သူတွေကို အလုပ်ထုတ်တာတွေလုပ်ဆောင်ခဲ့ပြီး လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမားတွေက မကြာခဏတောင်းဆိုမှုတွေ ရှိခဲ့တဲ့ စက်ရုံတစ်ရုံလည်း ဖြစ်ပါတယ်။
