တရုတ်ပုံဖော်လာတဲ့ ကိုးကန့်တပ်ကြောင့် ယဉ်ကျေးမှုပျောက်မှာ ရှမ်းမြောက်ဒေသခံတွေစိုးရိမ်

ကိုးကန့်တပ်- MNDAA က သူတို့ သိမ်းထားတဲ့နေရာတိုင်းမှာ တရုတ်စာ၊ တရုတ်စကားနဲ့ တရုတ်ငွေကိုပဲသုံးကြဖို့ ဒေသခံတွေကို ဖိအားပေးနေတယ်လို့ပြောကြပါတယ်။

ရှမ်းစော်ဘွားနဲ့ ရှမ်းလူမျိုးတွေမျိုးရိုးစဉ်ဆက်နေထိုင်ခဲ့ကြတဲ့ သိန္နီမြို့ကို ကိုးကန့်တပ် - MNDAA က တရုတ် ယဉ်ကျေးမှုပုံစံပြောင်းနေတဲ့အတွက် ဌာနေရှမ်းတိုင်းရင်းသားတွေက သူတို့ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေ ပျောက်မှာကို စိုးရိမ်နေကြပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းတွေ ဖျောက်ဖျက်ခံရနိုင်တယ်လို့ ရှမ်းတိုင်းရင်းသူ ယိင်းမွေလျန်း က RFA ကိုပြောပါတယ်။

‘’ကျွန်မတို့ဒီဒေသတွေက ရှေးအစဉ်အဆက်ကတည်းက ရှမ်းအစုံ ရှမ်းပြည် ရှမ်းတိုင်းရင်း သားပြည်သူတွေနဲ့တခြား လူမျိုးပေါင်းစုံပြည်သူတွေအတူတူ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခဲ့တဲ့နေရာဖြစ်တယ်။ ဒါပေမဲ့ အခုချိန်မှာကျ တရုတ်ယဉ်ကျေးမှုတွေက လွှမ်းမိုးဝင်လာတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့နဂိုမူလဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေက ပျောက်ပျက်သွားတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းတွေ ဖျောက်ဖျက်ခံလိုက်ရမှာမျိုးတွေရှိလာနိုင်တယ်။ အဲဒါတော့ စိုးရိမ်ရတယ်ရှင့်’’

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့အပြင် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့ (ကြူကုတ် ) တို့ကို ကိုးကန့်တပ်- MNDAA က သိမ်းပိုက်ခဲ့တာပါ။

ကိုးကန့်တပ်- MNDAA က တိုင်းရင်းသားပေါင်းစုံယဉ်ကျေးမှုကို အားပေးတယ်လို့ဆိုထားပေမယ့် သူတို့ သိမ်း ထားတဲ့နေရာတိုင်းမှာ တရုတ်စာ၊ တရုတ်စကားနဲ့ တရုတ်ငွေကိုပဲသုံးကြဖို့ ဒေသခံတွေကို အတင်းအကျပ် ဖိအားပေးနေတယ်လို့ပြောကြပါတယ်။

အဲဒီအပြင် သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေပဲ နေရာယူလုပ်ပိုင်ခွင့်တွေရနေကြတာကြောင့် ဌာနေလုပ်ငန်းရှင်တွေ အဆင်မပြေတော့ဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

‘’ တရုတ်လုပ်ငန်းရှင်တွေပဲ နေရာတိုင်းလိုလို ဦးဆောင်လာတာများတယ်။ တည်းခိုခန်းတွေကအစ တရုတ် လုပ်ငန်းရှင်တွေပဲ ကြီးစိုးလာပြီး တကယ့်နယ်မြေခံတွေကတော့ သူတို့ကို မယှဉ်နိုင်တော့ဘဲနဲ့ လက်လုပ် လက်စားပဲ။ သူတို့ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာ ကွမ်းယာဆိုင်ကစပြီး အင်္ဂလိပ်စာမထည့်ရဘူး၊ တရုတ်စာ မဖြစ်မနေထည့်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းချထားတာရှိတယ်၊ လားရှိုးမြို့ကအစ လောက်ကိုင်၊ ချင်းရွှေ ဟော်၊ မုန်းစီ၊ ကွမ်းလုံ၊ ကုန်းကြမ်းနဲ့ ပန်ဆိုင်းတို့မှာ တရုတ်စာမဖြစ်မနေထည့်ရမယ်ဆိုတဲ့ စည်းကမ်းမျိုးရှိ နေပြီးတော့ အခုနောက်ပိုင်း တရုတ်စာတွေချည်းဖြစ်သွားတာမျိုးတွေ တွေ့ရတယ်ပေါ့နော’’

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP ) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS ) တို့ နှစ်ဖွဲ့ဟာ ရှမ်းလူမျိုးတွေကို ကိုယ်စားပြုတဲ့လက်နက်ကိုင်တပ်တွေဖြစ်ပေမယ့် ထိရောက်တဲ့ကာကွယ်မှုတွေ မပေးနိုင်ဘူး လို့ ဒေသခံရှမ်းတိုင်းရင်းသားတွေက RFA ကို ပြောပါတယ်။

ကိုးကန့်တပ်- MNDAA ဟာ သူ့ မဟာမိတ် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့လည်း အဆင်မပြေတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းမြောက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

‘’ ကိုးကန့်နဲ့ကတော့ တရုတ်ဇာတ်သွင်းတယ်ဆိုတဲ့ကိစ္စက ဆိုင်းဘုတ်တွေပြင်ခိုင်းတာတင်မဟုတ်ဘူး။ စာသင် ကျောင်းလမ်းဘေး မီးတိုင်ပါမရှောင် အလံထောင်တယ်။ အထူးဒေသထဲ ဆွဲထည့်တဲ့ဟာပေါ့နော်၊ ရှမ်းခေါင်း ဆောင်၊ ကချင်ခေါင်းဆောင်၊ပလောင်ခေါင်းဆောင်တွေအပြင် ပလောင်တွေလည်းမကျေနပ်ဘူး၊ ဒီကိစ္စမှာ ဘာပြုလို့လည်းဆိုရင် ကွတ်ခိုင်ကိုဖွဲ့စည်းပုံထဲထည့်ထားတယ်။ သူတို့ရဲ့မြေပုံ အသစ်မှာထည့်ထားတယ်၊ ကွတ်ခိုင်ကိုတိုက်တာက ပလောင်တိုက်တာ၊ ကိုးကန့်တိုက်တာမဟုတ်ဘူး ’’

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့တာဝန်ရှိသူတွေကတော့ အခုတက်လာမယ့် လွှတ်တော်ကနေ တင်မြှောက်မယ့် စစ်ကောင်စီရဲ့အစိုးရလက်ထက်မှာ ဒီပြဿနာတွေ ဖြေရှင်းနိုင်မှာပါလို့ဆိုပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်ကအစ ရှမ်းမြောက်တိုက်ပွဲတွေရပ်ဖို့ တရုတ်အစိုးရကို အကူအညီတောင်းနေတာ ကြောင့် ကိုးကန့်တပ် (MNDAA ) ကို အခုတက်လာမယ့် စစ်ကောင်စီအစိုးရအဖွဲ့ကလည်း လွန်ဆန်နိုင်မှာမဟုတ်ဘူးလို့ ရှမ်းပြည်မြောက်ပိုင်းက လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“တရုတ်ကိုလွန်ဆန်နိုင်တဲ့သူတော့ လောလောဆယ်မရှိသေးဘူး၊ နိုင်ငံတော်အစိုးရကိုယ်တိုင်ကအစ တရုတ်ကို တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ်ကိုသွားပြီးအကူညီတောင်းတာကအစ တရုတ်ကိုလွန်ဆန်နိုင်တာမျိုးမရှိဘူး။ဒီတော့ လက်နက်တွေရှိတဲ့နိုင်ငံတော်အစိုးရကိုယ်တိုင်ကအစ လွန်ဆန်လို့မရဘူးဆိုတော့ နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တွေအတွက်ကတော့ ပြောစရာအထွေအထူးမလိုဘူးပေါ့နော်၊ တရုတ်ကို လွန်ဆန်နိုင်တဲ့အနေ ထားမျိုးတော့မရှိဘူး”

ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA သတင်းပြန်ကြားရေး တာဝန်ရှိသူတွေနဲ့ ရှမ်းပြည်နယ်က စစ်ကောင်စီအဖွဲ့ရဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကိုးကန့်တပ်က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အထူးဒေသ (၁) ရဲ့ ဖွဲ့စည်းပုံထဲမှာ ကွတ်ခိုင်နဲ့ သိန္နီမြို့တို့ကိုထည့် ပြီး ခရိုင် ၄ ခုနဲ့ ပြန်လည်တိုးချဲ့ဖွဲ့စည်းလိုက်တာကြောင့် မြေပုံအပြောင်းအလဲဖြစ်သွားနိုင်တဲ့အထိ အချုပ်အခြာအာဏာကိုထိပါးလာတဲ့အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ကွတ်ခိုင်မှာ တအာင်းတပ်နဲ့ ကိုးကန့်တပ်တို့နယ်မြေစိုးမိုးရေးနဲ့ပတ်သက်ပြီး အခြေအတင်ဖြစ်နေတာကြောင့်လည်း ကိုးကန့်တပ်တွေထိန်းချုပ်ထားတဲ့ဒေသဘက်ကနေတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်တဲ့ဒေသဘက်ကို စီးဆင်းသမျှ ကုန်စည်သယ်ယူမှုတွေပိတ်ပင်ခဲ့တာ တစ်လနီးပါးရှိနေပြီလို့လည်း ရှမ်းမြောက်ဒေသခံတွေက RFA ကို ပြောပါတယ်။