“စစ်ကော်မရှင်လက်နက်ကြီးကျည်ကျပြီးနောက် ဖလူးဒေသက ကျားဖြန့်ဂိုဏ်းတချို့နေရာပြောင်း”

မတ်လ၁၄ ရက်နေ့မှာတော့ ကျားဖြန့်ငွေလိမ်လုပ်ငန်းခွင်က အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသားတချို့ နေရာရွှေ့ပြောင်းတာတွေ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဖလူးဒေသက အွန်လိုင်းငွေလိမ်ကျားဖြန့်နေရာတွေကို မတ်လ ၁၃ ရက်မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲလို့ တရုတ်နိုင်ငံသား သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ RFA ကစုံစမ်းသိရှိရပါတယ်။

စွယ်တော်ကုန်းကနေလှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံးထဲက တစ်လုံးဟာ ကျွန်းတောတရုတ် ကျားဖြန့်ဆိုက်ပေါ်ကိုကျရောက်ပေါက်ကွဲခဲ့တာပါ။ နောက်တစ်ရက် မတ်လ၁၄ ရက်နေ့မှာတော့ ကျားဖြန့်ငွေလိမ် လုပ်ငန်းခွင်အထဲက အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသားတချို့ နေရာရွှေ့ပြောင်းတာတွေ့ရတယ်လို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆုံးသွားတဲ့ သုံးဦးက တရုတ်နိုင်ငံသားဗျ။ လက်နက်ကြီးကျတဲ့နေရာကိုက ဝန်ထမ်းတွေနေတဲ့ အဆောင်ပေါ်ကို တည့်တည့်ကျတာဗျ။ အဲဒီအချိန်က မနက်စာစားချိန်၊ လုန်ငန်းခွင်ဝင်ဖို့ ပြင်ကြဆင်ကြချိန်ကိုဖြစ်တာ။ ဒဏ်ရာရ တဲ့သူတွေကိုတော့ မဲဆောက်ဘက်မှာ ဆေးကုဖို့လွှတ်ထားတယ်။ ဒီမနက်တော့ ကားတွေနဲ့တချို့ကုမ္ပဏီတွေ ပြောင်းနေကြတာတွေ့တယ်။ ဘယ်ကိုပြောင်းကြတာလဲတော့ အတိအကျ မသိဘူး။ ဒါကလည်း ထုံးစံပါပဲ။ အဖမ်းအဆီးများတယ် တိုက်ပွဲတွေရှိလာပြီဆို သူတို့က လူစုခွဲပြီးရှောင်ကြတာပဲ ပြီးရင်လည်း ပြန်လုပ်ကိုင်ကြတာပဲ”

အဲဒီ ကျားဖြန့်ဂိုဏ်းတွေဟာ ပုလောတပို့စစ်ဘေးဒုက္ခသည်စခန်းနားမှာရှိနေပြီး ဧကသုံးဆယ်နီးပါးကျယ်ဝန်း တယ်လို့ဆိုပါတယ်။ အဲဒီနေရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က အဆောက်အဦတွေပေါ်ပေါက်လာပြီး လူတစ်ရာကျော်နဲ့ ကျားဖြန့်ဂိုဏ်းတွေစတင်လည်ပတ်ခဲ့တာလို့ သူကဆိုပါတယ်။ လတ်တလောမှာတော့ ကျွန်းတောတရုတ်ကျားဖြန့်ဂိုဏ်းတွေမှာ ဦးဆောင်လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့အလုပ်သမားတွေကို DKBA က လုံခြုံရေးတာဝန်ယူစောင့်ရှောင်ထားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ရဲ့ ပြောခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမဖြေဆိုပါဘူး။

ဒါ့အပြင် မြဝတီနဲ့ ဆယ်မိုင်အကွာမှာရှိတဲ့ ဖလူးဒေသမှာလည်း ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ညအထိ စစ်ကော်မရှင်နဲ့ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။