ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ် (MNDAA) တို့ကြားပဋိပက္ခဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့အဆင့်အထိရောက်လာပါ တယ်။
AA၊ TNLA နဲ့ MNDAA မဟာမိတ်ညီနောင် ၃ ဖော်ဆိုတဲ့ အဖွဲ့သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း (TNLA) တအာင်း/ပလောင်အဖွဲ့ထိမ်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ကစပြီး MNDAA ကိုးကန့်တပ်က တိုက်ခိုက်လို့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မြို့ပေါ်ကတပ်စခန်းတွေ အပါအဝင် နမ့်ဖတ်ကာ၊ ကျင်စန်းကျော့၊ တာမိုးညဲနဲ့ မုံးစီးက TNLA တပ်စခန်းတွေကိုဝင်သိမ်းတာပါ။
တိုက်ပွဲမှာဒဏ်ရာရတဲ့အရပ်သား ဆယ်ဦးကျော်ရှိနေသလို အရပ်သား နှစ်ဆယ်ထက်မနည်းကိုလည်း ကိုးကန့်တပ်ကဖမ်းထားတယ်လို့ အမည်မဖော်လိုတဲ့ ကွတ်ခိုင်ဒေသခံတစ်ဦးကပြောပါတယ်။
“ကွတ်ခိုင်က TNLA ရဲ့ဌာနဆိုင်ရာတွေ အကုန်သိမ်းလိုက်ပြီ။ ဖမ်းဆီးခံရသူတွေ ရှိနေတာဟုတ်တယ်။ အများစုက ကချင်တွေနဲ့တအာင်းတွေပါ။ ကိုးကန့်တပ်က သူတို့ကပစ်ရင်းနဲ့ကို ခေါ်သွားကြတာဟုတ် တယ်။ အခုထိကို မလွှတ်သေးဘူး"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်က CCTV စောင့်ကြည့် ကင်မရာတွေတပ်ဆင်တာကို TNLA တပ်ဖွဲ့ဝင်တွေကတားဆီးပိတ်ပင်တာကစပြီး အောက်ခြေတပ်ဖွဲ့ တွေကြား အပြန်အလှန် ရိုက်နှက်တာ၊ လက်နက်တွေဖြုတ်သိမ်းတာတွေကနေ အခြေအနေတင်းမာ လာတာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကွတ်ခိုင်မြို့နယ်ထဲက MNDAA အဖွဲ့ရဲ့အုပ်ချုပ် ရေးဌာနတွေကို TNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းရိုက်နှက်လို့ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာ ရခဲ့သလို၊ ဒေသတွင်းမှာ TNLA က တပ်သားသစ်အဓမ္မစုဆောင်းလာတဲ့အကြောင်းနဲ့ လတ်တလော ဖြစ်နေတဲ့ပဋိပက္ခတွေကိုဖြေရှင်းဖို့ ငါးကြိမ်အကြောင်းကြားခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ ကိုးကန့်တပ် MNDAA ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
TNLA ထုတ်ပြန်ချက်မှာတော့ MNDAA ကတပ်ဆင်တဲ့ စောင့်ကြည့်ကင်မရာတွေကို ဖြုတ်သိမ်းပြီး ပြန်အပ်ခဲ့တာပဲရှိသလို၊ MNDAA ကတိုက်ခိုက်တာကို မိတ်ဖက်ပဋိပက္ခအဖြစ်မှတ်ယူပြီး TNLA တပ်ဖွဲ့ ဝင်တွေဟာ ခုခံကာကွယ်တာကလွဲရင် ပြန်မတိုက်ခဲ့ဘူးလို့ဆိုပါတယ်။ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ကိုးကန့်တပ်ကဖမ်းထားတဲ့အကြောင်းနဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး သွားမယ်လို့ ဖော်ပြထားပါတယ်။ အခြေအနေတွေ ပိုပြီးမတင်းမာလာအောင် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကိုပြောပါတယ်။
“ ဒီအခြေအနေတွေ မတင်းမာသွားအောင် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းတာဆောင်ရွက် သွားမှာပါ။ တရုတ်အစိုးရကိုလည်း ကြားဝင်ဆောင်ရွက်ပေးဖို့ ကျမတို့ပန်ကြားတာတွေလည်းရှိပါ တယ်။ လတ်တလောမှာတော့ တိုက်ပွဲတွေငြိမ်သွားပါပြီ“
လတ်တလောမှာတော့ ကွတ်ခိုင်မြို့နယ်မှာတိုက်ပွဲငြိမ်သက်နေပြီး TNLA ရဲ့စခန်းတွေနေရာတွေမှာ MNDAA ကိုးကန့်တပ်ကနေရာယူထားသလို မြို့တွင်းမှာလည်းလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
