ကာကွယ်ရေးဦးစီးချုပ်ရာထူးနဲ့ ၁၅ နှစ်တာလုပ်ဆောင်ခဲ့တာတွေကို ရှင်းလင်းပြတဲ့ စစ်တပ်အရာရှိ အဆင့်အဆင့်ကို တွေ့ဆုံရှင်းပြတဲ့ အစည်းအဝေးတစ်ခုကို စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံပိုင်မီဒီယာတွေက မတ်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
၂၀၁၁ မတ်လ ၃၀ မှာ စစ်ခေါင်း ဆောင် ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကနေ ကာကွယ်ရေး ဦးစီးချုပ် ရာထားရယူခဲ့ချိန်ကစပြီး ၁၅ နှစ်အတွင်း ခေတ်မီတပ်ဖြစ်ရေး၊ စစ်ရေးဆိုင်ရာ၊ ကြည်းရေလေဆိုင်ရာ တိုးချဲ့ လုပ်ဆောင်ခဲ့တာတွေနဲ့ ၁၅ နှစ်အတွင်း နိုင်ငံတကာခရီးသွားခဲ့တာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒ့ါအပြင် ၁၅ နှစ်အတွင်း ဒုချုပ်အဖြစ် သစ္စာရှိရှိတာဝန်ထမ်းခဲ့သူ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုလည်း ကျေးဇူးတင် ချီးကျူးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းအပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ထားရတဲ့ အရပ်သား ခေါင်းဆောင်တွေ ကို ဖမ်းဆီးအကျဥ်းချပြီး ၅ နှစ်အကြာ ၃ ပိုင်းခွဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီး စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အာဏာလွှဲပေးဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးတွေ မစတင်ခင် ရက်ပိုင်းအလိုမှာ အခုလို ရာထူးသက်တမ်း သုံးသပ်တဲ့ အထူးအစည်းအဝေး ခေါ်ယူရှင်းပြတာဟာ တပ်ကနေ အနားယူဖို့ပြင်ဆင်နေတာလို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
မတ်လ ၁၆ ရက်မှာ လွှတ်တော်အစည်းအဝေးတွေ စတင်ဖို့ရှိပြီး လွှတ်တော်ဥက္ကဋ္ဌရာထူးတွေနဲ့ သမ္မတရာထူး တွေကို ဆက်တိုက်ရွေးကောက်တင်မြောက်မယ်လို့ သတင်းတွေ ထွက်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေနဲ့ တပ်ကိုယ်စားလှယ်တွေက ရွေးခြယ်တင်မြောက်ကြမယ်လို့ အများက ခန့်မှန်းထားပါတယ်။
