မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လမ်းဆုံလမ်းခွမှာ ရောက်နေပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေကို လျစ်လျူရှု စွန့်ပယ် မထားသင့်ပါဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် (Tom Andrews)က ပြောကြားလိုက်ပါတယ်။
မတ်လ ၁၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး စစ်ကော်မရှင်ရဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာကို လျော့သွားအောင် ဖိအားပေး ဆောင်ရွက်ချက်တွေ ကျဆင်းလာတာနဲ့ အသက်ကယ်ပေးတဲ့ လူသားချင်းစာနာမှု အကူအညီတွေ လျော့ကျလာတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မပြောင်းလဲနိုင်ခဲ့ရင် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဆက်ကြုံရမှာဖြစ်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။
မြန်မာ စစ်ကော်မရှင်အနေနဲ့ အမှီအခို မရှိရပ်တည်နိုင်စွမ်းမရှိအောင် ဖိအားပေးတာတွေနဲ့ ပြည်သူတွေကို တိုက်ခိုက် နေတာကို အားနည်းသွားအောင် နိုင်ငံတကာက ဖိအားပေးတာတွေဟာ အားရစရဖြစ်ပေမယ့် အခုနှစ်တွေမှာ အစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေ စိုးရိမ်စရာကောင်းလောက်အောင် အားလျော့လာတယ် လို့လည်း သူက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရွေးစရာ နှစ်လမ်းပဲရှိကြောင်း။ တစ်လမ်းက မယုံနိုင်ရာ သတ္တိနဲ့ ရင်ဆိုင်ရပ်တည်နေကြတဲ့ မြန်မာပြည်သူတွေကို အားပေးပံ့ပိုးရာရောက်ပြီး ထိရောက်တဲ့ အကူအညီဖြစ်အောင် လုပ်ဆောင်မှာလား၊ နောက်တစ်လမ်းက သူတို့ အလိုအပ်ဆုံးအချိန်မှာ သူတို့ကို စွန့်ခွါ ပစ်ထားမှာလားဆိုတဲ့ ရွေးစရာ နှစ်လမ်းပဲရှိပါတော့တယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မေးခွန်းထုတ်ထားပါတယ်။
