တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့် တပ်လို့ခေါ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တိုက်ခိုက်သိမ်းယူပြီး နောက် နှစ်ဘက်တပ်ခေါင်းဆောင်တွေ မတ်လ ၁၇ ရက်နေ့က လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ TNLA နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
လတ်တလောမှာတော့ ကွတ်ခိုင်မြို့အပြင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံမှာပါ MNDAA က အင်အားအလုံးအရင်းနဲ့ နေရာယူထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကိုးကန့်တပ်ကတော့ အင်အားအလုံးအရင်းနဲ့ ကွတ်ခိုင်မြို့ကိုဝင်စီးပြီးတဲ့နောက်မှာပဲ လမ်းမကြီးတစ်လျှောက်က တအာင်းတပ်တွေအကုန်လုံးကိုဖယ်ရှားလိုက်ပြီ။ နမ့်ဖတ်ကာမှာဆိုရင်လည်း ကိုးကန့်တပ်က KIA ရှိပေမဲ့လည်း ဝင်ထိုင်ထားတာမျိုးရှိတယ်”
ပြည်ထောင်စုလမ်းမပေါ် က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာရွာ အဝင် အထွက်ကုန်စည်စစ်ဆေးရေးနဲ့ အကောက်ခွန်ဂိတ်အပါအဝင် KIA ဂိတ်စခန်းတချို့ကိုလည်း ဖယ်ရှားပေးဖို့ MNDAA က ဖိအားပေးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုလုပ်မယ်ဆိုရင် ဗဟိုအဆင့်ညှိုနှိုင်းဖို့လိုအပ်တယ်လို့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“အခုလောလောဆယ်ကတော့ ကျနော်တို့ဂိတ်တွေကို ရွှေ့တာပြောင်းတာ ဖယ်ရှားတာလည်းဘာမှမရှိဘူး။ ဒါကြောင့် ဆက်ပြီးတော့မှ တကယ်လို့များလိုအပ်လို့ရှိရင် ဗဟိုကော်မတီအချင်းချင်းဆွေးနွေးမှပဲ အဲဒီအဖြေကထွက်လာမယ်လို့ အဲဒီလိုပဲသုံးသပ်မိပါတယ်”
တစ်လနီးပါးပိတ်ထားတဲ့ သိန္နီဂိတ်အပါအဝင် ပြည်ထောင်စုလမ်းမကြီးကို မတ်လ ၁၆ ရက်နေ့ကစလို MNDAA က ပြန်ဖွင့်ပေးလိုက်ပြီးနောက် TNLA နဲ့ ဆွေးနွေးနေတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေးကိစ္စနဲ့ အကျိုးစီးပွားခွဲဝေမှုကိစ္စတွေကို ပါနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက RFA ကို ပြောပါတယ်။
“TNLA ကလည်း တရုတ်ကိုဝင်ရောက်ဖြန်ဖြေပေးဖို့ပြောတယ်။ အဲဒီဟာ အရှိန်ရလာတာလည်း ဖြစ်မယ် တွေ့ပြီးဆွေးနွေးတယ်ဆိုတော့။ အစောပိုင်းကတည်းက MNDAA က ဒီလမ်း (ပြည်ထောင်စုလမ်းမကြီး) ပြန်ဖွင့်ချင်နေတဲ့သဘောတော့ ရှိတယ်။ အခုတော့ ပြန်ပြီးဆွေးနွေးတယ်ဆိုတော့ အပြန်အလှန်ညှိနှိုင်းကြ လိမ့်မယ်ထင်တယ်။ ရရှိလာတဲ့ အကျိုးကျေးဇူးကို ဘယ်လိုခွဲမလဲဆိုပြီးတော့အဲလိုများဖြစ်မလားမသိဘူး”
ဒါပေမဲ့ မတ်လ ၁၇ ရက် ညပိုင်းအထိ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သဘောတူညီချက်တွေထွက်မလာသေးပါဘူး။
TNLA နဲ့ မဆွေးနွေးခင် တစ်ရက်အလို မတ်လ ၁၆ ရက်နေ့ကတော့ MNDAA နဲ့ စစ်ကော်မရှင်တပ်ကတာဝန်ရှိသူတွေ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
အခုလိုအခြေအနေမှာ ကွတ်ခိုင်မြို့ကို စစ်ကော်မရှင်ဆီ ပြန်လွှဲပေးလိုက်မှာကို စိုးရိမ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်လိုက်တာပေါ့နော်။ အဓိကကတော့ လားရှိုးလိုပဲ စစ်ကောင်စီကို ပြန်မပေးဖို့ပဲလိုတာပေါ့နော်။ ပေးရင်တော့ ဒေသခံတွေထပ်ပြီးတော့ ဒုက္ခရောက်ကြဦးမှာပေါ့။ သူတို့ကသိတဲ့အတိုင်း ရရင် အိမ်ချိတ်ပိတ်တာတို့ လူတွေကို ဖမ်းဆီးတာတို့ ဒါတွေကရှိတယ်။ ကျောက်မဲ နောင်ချို သီပေါ လားရှိုးတို့လည်း ဒီလိုပဲ ဖြစ်ကြတာကိုး။ ဒေသခံတွေကတော့ ဒီစိုးရိမ်မှုကတော့ ရှိတာပေါ့”
အခုအခြေအနေတွေနဲ့ ပတ်သက်လို့ MNDAA နဲ့ TNLA ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဆက်သွယ် မေးမြန်းထားပေမဲ့ လက်ခံဖြေဆိုတာမရှိသေးပါဘူး။
တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်-မန္တလေး လမ်းပိုင်းက TNLA သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါကို စစ်ကော်မရှင်တပ်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပြီး လားရှိုးမြို့ကို တော့ MNDAA က စစ်ကော်မရှင်ဆီပြန်ပေးထားတာြဖစ်ပါတယ်။
လက်ရှိမှာ ကွတ်ခိုင်မြို့ကို MNDAA က သိမ်းပိုက်လိုက်ပြီး ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးလိုက်တဲ့ အတွက် ကုန်ကားတွေ သွားလာနိုင်ပေမဲ့ စစ်ကော်မရှင်တပ်က သီပေါမြို့ကနေ ထပ်မံပိတ်ဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် ဒီမိုကရေစီအင်အားစုတွေက MNDAA နဲ့ TNLA ရဲ့ပဋိပက္ခကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။
