တနင်္သာရီ သရက်ချောင်းဒေသခံ ခုနှစ်ဦး စစ်ကြောင်းဖမ်းဆီးခံရအပြီး သေဆုံး

ကျသွားတဲ့ စခန်းကနေ ဆုတ်ခွါစဥ် လမ်းမှာတွေ့တဲ့ ရွာသား ငါးဦးကို လမ်းပြအဖြစ် ဖမ်းသွားပြီး သတ်ဖြတ်ခဲ့ဟု ‌ဒေသခံတွေပြောကြား။

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ တပ်စခန်းက ဆုတ်ခွါသွားတဲ့ စစ်ကော်မရှင် စစ်ကြောင်းက ဒေသခံ ခုနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး တခြား ငါးဦးကို ဓားစာခံတွေအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး မြန်မာနောင်း (Myanmar Now) သတင်းဌာနက မတ်လ ၁၆ ရက်နေ့က ရေးသားဖော်ပြပါတယ်။

သရက်ချောင်း ဝင်းဝတပ်စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ဝင်းဝရွာရဲ့ အနောက်ဘက် လေးမိုင်ကျော်အကွာရှိ ဂုံညှင်းဆိပ်ရွာက အထွက် လမ်းမှာတွေ့တဲ့ အရပ်သား အမျိုးသားသုံးဦးနဲ့ အမျိုးသမီး လေးဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ ရဲ ပူးပေါင်းအင်အား ၁၀၀ ခန့်ရှိတဲ့ ဝင်းဝရဲစခန်းကို မတ်လ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ KNU လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄ တို့ ပူးပေါင်း စစ်ဆင်ခဲ့အပြီး တစ်လအကျော် အကြာ မတ်လ ၁၁ ရက်မှာ သိမ်းပိုက်ခဲ့ တယ်လို့ သိရပါတယ်။

ဒီလိုသိမ်းပိုက်မိအပြီး ဂုံညှင်းဆိပ်ရွာကို စစ်ကော်မရှင်လေတပ်က မတ်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ နေ့စဥ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အိုးအိမ်အပျက်အစီးများရှိသလို ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း Dewei Watch သတင်းဌာနက ရေးသားဖော်ပြပါတယ်။

စစ်ကော်မရှင်တပ်က စခန်းကျပြီးဆုတ်ခွါသွားတဲ့ စစ်ကြောင်းဟာ စစ်ကူစစ်ကြောင်းနဲ့အတူ ဒေသတွင်းမှာ ပိတ်မိနေဆဲဖြစ်ပြီး ဒေသခံ စစ်ကော်မရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေဆဲလို့ သိရပါတယ်။

သရက်ချောင်းမြို့နယ်မှာ အခုလိုအရပ်သားတွေကို စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ရေးသားပြောဆိုချက် တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစုံတရာ ထုတ်ပြန်ပြောကြားတာမရှိသေးသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌သေးပါဘူး။