ကမ္ဗောဒီးယားကျားဖြန့်လုပ်ငန်းက ပြေးလာသူ တရုတ်နဲ့မြန်မာ ၁၀ ဦး ထိုင်းဖမ်းမိ

တရုတ် ခုနှစ်ဦး၊ မြန်မာ သုံးဦး ကမ္ဗောဒီးယားကျားဖြန့်စခန်းကနေ ဘုရားသုံးဆူကို သွားဖို့ စောင့်နေစဥ်ဖမ်းဆီးခံရခြင်းဖြစ်။

ကမ္ဗောဒီးယားနိုင်ငံကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ကျားဖြန့်ငွေလိမ် လုပ်ငန်းနဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ မြန်မာနိုင်ငံသား သုံးဦးကို ထိုင်းနိုင်ငံ ကချနာဘူရီခရိုင် လူဝန်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဗောဒီးယားနိုင်ငံ ပွိုင်းပက်ဒေသက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကနေ ကမ္ဗောဒီးယား အာဏာပိုင်တွေက ဆက်တိုက်နှိမ်နင်းနေတဲ့အတွက် ထွက်ပြေးလာပြီး မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူဒေသမှာရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းရှိရာကို ထွက်ပြေးဖို့ စောင့်နေစဥ် အခုလို ဖမ်းဆီးခံရတာလို့ မတ်လ ၁၈ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာကရေးပါတယ်။

အဖမ်းခံရသူ ဆယ်ဦးစလုံးမှာ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်စတဲ့ ထိုင်းနိုင်ငံကို တရားဝင် ဝင်ရောက်ခဲ့ တယ်ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရတဲ့အတွက် ထိုင်းနိုင်ငံထဲကို တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်လာသူတွေမဟုတ်ဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ကမ္ဗောဒီးယားဘက်ကနေ ထွက်ပြေးလာစဥ် နယ်စပ်တလျောက် တောလမ်းကနေ ပုန်းရှောင်ရင်း ဝင်လာကြတာဖြစ်ပြီး ထိုင်းနိုင်ငံကို ရောက်ဖို့ သုံးရက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲရောက်တဲ့အခါ တရုတ်နဲ့မြန်မာလုပ်ဖော်ကိုင်ဘက်တွေက ကားနဲ့ခေါ်ဆောင်ပြီး မြန်မာဘက်ခြမ်း ဘုရားသုံးဆူဘက်ကို ပို့ဖို့ စီစဥ်နေတာလို့ဆိုပါတယ်။ မြဝတီဘက်မှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို နှစ်နိုင်ငံ နှိမ်နင်းနေတဲ့အတွက် လုပ်ငန်းတွေ အခက်အခဲကြုံနေရပေမယ့် ဘုရားသုံးဆူဘက်မှာ ဒီလုပ်ငန်းတွေ အရှိန်ရနေဆဲပဲလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီ ဆယ်ဦးထဲက မြန်မာ သုံးဦးကို ပထမဆုံးဖမ်းဆီးမိတာဖြစ်ပြီး သူတို့ဟာ သာမန် အလုပ်သမားတွေဖြစ်ပြီး ကမ္ဗောဒီးယား ပွိုင်းပက်မြို့အ‌‌ခြေစိုက် တရုတ်လုပ်ငန်းရှင်တွေကို အကူညီပေးနေသူတွေလို့သိရပါတယ်။ သူတို့ သုံးယောက် အိမ်ပြန်ဖို့ မြန်မာဘက်ကို ပြန်ဖို့ စောင့်နေတုန်း အဖမ်းခံရတာလို့ ထွက်ဆိုထားတယ်လို့ သတင်းကရေးပါတယ်။ ဒါပေမယ့် ရဲက မသင်္ကာတဲ့အတွက် ထပ်မံရှာရာမှာ တရုတ်နိုင်ငံသား ခုနှစ်ဦးကို ဖမ်းမိတာလို့ဆိုပါတယ်။

ထိုင်းနိုင်ငံအာဏာပိုင်တွေရဲ့အဆိုအရ အခုရက်သတ္တပတ်အနည်းငယ်အတွင်း ထိုင်းနဲ့ မြန်မာနယ်စပ်တလျောက် တရားမဝင် တရုတ်နိုင်ငံသားအများအပြားကို ဖမ်းဆီးမိထားတယ်လို့လည်း သိရပါတယ်။