အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိင်ငံထဲကို ဝင်ရောက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးနဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို အိန္ဒိယအမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIA) က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မတ်လ ၁၆ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံသား သုံးဦးကို ဒေလီမြို့၊ အခြား သုံးဦးကို လက္ခနောင်မြို့နဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ကာလကတ္တား လေဆိပ်မှာ မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကာကွယ်ရေးဥပဒေအရ အမှုဖွင့်ထား တယ်လို့လည်း သိရပါတယ်။
ဒီနိုင်ငံခြားသား ခုနှစ်ဦးဟာ မြန်မာနဲ့နယ်ချင်းထိနေတဲ့ မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပြီး စစ်သင်တန်းပေးခဲ့သလို ဥရောပကနေ ဒရုန်းတွေ အိန္ဒိယဘက်က တဆင့် ဝယ်ယူပို့ဆောင်ပေးခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ သူတို့ဟာ နိုင်ငံခြားသား သွားလာခွင့် ကန့်သတ်ထားတဲ့ နယ်စပ်ဒေသတွေကို ခွင့်ပြုချက်မရှိဘဲ သွားရောက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ပြောကြားချက်မှာ ယူကရိန်းနိုင်ငံသား ခြောက်ဦးဟာ အိန္ဒိယမြန်မာနယ်ခြားဒေသရှိ ကန့်သတ်နယ်မြေတွေကို သွားရောက်ပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို စွဲချက်မှာ ပြသထားနိုင်ခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလက်ဆန်ဒါ ပိုလစ်ချက် (Oleksandr Polishchuk) က အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတွေကို တွေ့ဆုံပြီး ယူကရိန်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သံရုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သံရုံးကတော့ ဒီဖြစ်စဥ်ကို သိရှိကြောင်း၊ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကန့်သတ်ချက်အရ အမှုကိုထုတ်ပြောလို့မရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီနိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံဘက်က ဘယ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေသလဲ ဆိုတဲ့ အချက်ကိုတော့ နယူးဒေလီတရားရုံးက အမည် တိတိကျကျဖော်ထုတ်မထားတဲ့အတွက် မသိရသေးဘူးလို့ သိရပါတယ်။
အိန္ဒိယမြန်မာနယ်ခြားတလျောက် မြန်မာစစ်ကော်မရှင်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအများအပြားရှိသလို အိန္ဒိယပြည်မကြီး အစိုးရကို လက်နက်ကိုင်ပုန်ကန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအတွေလည်း အများအပြားရှိနေပါတယ်။
အိန္ဒိယအစိုးရအရာရှိတွေရဲ့ ပြောဆိုချက်အရ ၂၀၂၄ က အိန္ဒိယ မဏိပူရ်ပြည်နယ်မှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံဘက် ခြမ်းကို တိမ်းရှောင် ရောက်ရှိခိုလှုံသွားကြတဲ့ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေကြောင်း၊ ဒီအဖွဲ့တွေကို စစ်လက်နက်ပစ္စည်းနဲ့ တခြား အကြမ်းဖက်မှုဆိုင်ရာ ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးတွေ ပြုလုပ်တာဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိပါးတဲ့လုပ်ရပ်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို မတ်လ ၁၈ ရက်နေ့က ပြောကြားထားပါတယ်။
မီဇိုရမ်ပြည်နယ်နဲ့ နယ်ချင်းထိစပ်နေတဲ့ မြန်မာဘက်ခြမ်း ချင်းပြည်နယ်မှာရှိတဲ့ ချင်းအမျိုးသားတပ်မတော် (CNF/ CNA) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့ကတော့ ဒီနိုင်ငံခြားသားတွေနဲ့ ပတ်သက်ဆက်စပ်မှုမရှိကြောင်း သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။
ဒီနိုင်ငံခြားသား ခုနှစ်ဦးရဲ့ အမှုကို မတ်လ ၂၇ နေ့မှာ ကြားနာမယ်လို့ တရားရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
