ရန်ကုန်တိုင်း အလုံမြို့နယ် စောရန်ပိုင်အနောက်ရပ်ကွက် မိုးကောင်းသစ်ဆိပ်ဝင်းထဲက အိမ်ခြေ ၂၆၀ ကျော်ကို စစ်တပ်ရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က အင်အားသုံးပြီးဖယ်ရှားလိုက်ပါတယ်။ ဒါကြောင့် ရပ်ကွက်နေပြည်သူ နှစ်ဦးသေဆုံးပြီး ၅ ဦးအဖမ်းခံထားရသလို လူတစ်ထောင်နီးပါး အိုးမဲ့ အိမ်မဲ့ဖြစ်ပြီလို့ ရပ်ကွက်သူ ရပ်ကွက်သားတွေကပြောပါတယ်။
မတ်လ ၁၈ ရက်နေ့မှာ အိမ်တွေကိုအင်အားသုံးဖျက်ဆီးသလို၊ တယ်လီဖုန်းလေးတွေနဲ့ မှတ်တမ်းရိုက် တဲ့သူတွေကိုလည်း အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။
“ပစ္စည်းတွေတောင်မှအယူမခံတော့ဘူး၊ အိမ်တစ်လုံးမှမကျန်တော့ဘူး။ ဓာတ်ပုံရိုက်တဲ့သူဖမ်းတယ်။ ရပ်ကွက်ထဲကနေ ညနေ သုံးနာရီကတည်းကထွက်လိုက်ရတယ်။ အကုန်လုံးဝင်ရိုက်တယ်။ ရဲတွေက ရိုက်တယ်။ ပြောတဲ့သူဆိုလည်းရိုက်တယ်။ ဖုန်းနဲ့ရိုက်တဲ့သူကိုလည်းရိုက်တယ်။
အဖမ်းခံလိုက်ရသူတွေကတော့ အမိန့်အတိုင်းမဆောင်ရွက်နိုင်လို့ဆိုပြီး အသက် ၅၀ ကျော်အရွယ် ရက်ကွက်အုပ်ချုပ်ရေးမှူး ဦးလူပေါ (ခေါ် ) ဦးအောင်ဆန်းဦး၊ ရပ်ကွက်လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့၀င် ဦးအောင်မိုး တို့ပါသလို၊ ဒေါ်မို့မို့ကြည်တို့ လင်မယားဖြစ်တယ်လို့ သိရပါတယ်။ အိမ်ဖျက်ရမယ်ဆိုတဲ့ MEC ရဲ့ အကြောင်းကြားစာလာကပ်တဲ့ရက်က အဲဒီစာကိုဖတ်ပြီး လူနှစ်ဦး သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်သားတစ်ဦးက RFA ကိုပြောပါတယ်။
“MEC က နို့တစ်စာလာကပ်တုန်းကပေါ့၊ တစ်ယောက်သေသွားတယ်၊ဒီစာကိုကြည့်ပြီးသေသွားတယ် ခင်ဗျ၊ နှစ်ယောက်ရှိသွားပါပြီခင်ဗျ၊ သူတို့စာကိုဖတ်လိုက်တာနဲ့ နှလုံးဆို့ပြီးသေဆုံးသွားတာပေါ့”
ကွယ်လွန်သွားတဲ့သူတွေက အသက် ၂၄ နှစ်အရွယ် ကိုကြက်ရိုး နဲ့ အသက် ၄၀ ကျော်အရွယ် အမည် စုံစမ်းလို့မရသေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အဲဒီရပ်ကွက်နေပြည်သူတွေဟာ ၁၉၅၅ ခုနှစ် လောက်ကတည်းက နေထိုင်လာခဲ့တာလို့ပြောကြပါ တယ်။ သူတို့ပြောင်းရမယ့်နေရာက လှိုင်သာယာမြို့နယ် ကမ်းပြိုရွာနားကလယ်မြေတွေဖြစ်ပြီး အဲဒီ မြေနေရာဟာလည်း ကျူးကျော်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ထားတာမကြာသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် အဲဒီမြေနေရာရဲ့တရားဝင်မှုနဲ့ လုံခြုံရေးအပေါ် သစ်ဆိပ်ဝင်းပြည်သူတွေက စိုးရိမ်နေပါ တယ်။
အနှစ်ငါးဆယ်ကျော်နေခဲ့တဲ့နေရာကတောင် ခြိမ်းခြောက်ပြီးဖယ်ရှားခံရတာကြောင့် နောက်ထပ်ပြောင်းရမယ့်နေရာဟာ ခိုင်မာတဲ့အထောက်အထားရှိတဲ့နေရာမျိုးဖြစ်စေချင်တယ်လို့ အမည်မဖော်လိုသူရပ်ကွက်သားတစ်ဦးက RFA ကို ပြောပါတယ်။
“နိုင်ငံတော်အတွက်အကျိုးပြုတဲ့လုပ်ငန်းတွေ လုပ်မယ်။ ဒီနေရာကိုသိမ်းမယ်ဆိုရင်လည်းသိမ်းပါ။ ဒါပေမဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ သင့်တင့်မျှတတဲ့ ကောင်းမွန်တဲ့ စာသင်ကျောင်းတို့ဆေးခန်းတို့ဒါမျိုးတွေရှိတဲ့နေရာမျိုးလေးမှာ ခိုင်မာတဲ့အထောက်အထားနဲ့ မြေက ပါမစ်တို့ ဘာတို့နဲ့ အဲဒီမှာချပေးတဲ့မြေကိုလိုချင်တာ”
အိမ်ဖျက်ဖို့သတိပေးစာကပ်ပြီးကတည်းက စစ်တပ်နဲ့အင်အားပြခြိမ်းခြောက်တာခံရတယ်လို့ အမည် မဖော်လိုတဲ့ ဒေသခံ နောက်တစ်ဦးက RFA ကိုပြောပါတယ်။
“၁၉၅၅ ခုနှစ် ကတည်းက နေထိုင်ခဲ့ကြတဲ့မိသားစုတွေ၊ သူများနေရာကိုကျူးပြီး နေခဲ့ကြတဲ့သူတွေမဟုတ်ဘူး။ အခုမှသူတို့က ကျွန်တော်တို့ကို အနေတော့ကြာတယ်၊ ခင်ဗျားတို့မှာ အထောက်အထားမရှိဘူးဆိုပြီးပြောတယ်။ ဖိအားတွေနဲ့အမျိုးမျိုး စစ်တပ်ခေါ်ပြီး အင်အားလာပြတာမျိုး၊ လက်နက်ကိုင်တွေခေါ်ပြီးအင်အားလာပြတာမျိုးတွေ လူတွေကိုခြိမ်းခြောက်ပြီးထွက်ခိုင်းနေတာ။ အသက် ၈၀ ကျော်ပတ်ချာလည်အဖိုးအဖွားတွေလည်းရှိတယ်၊ ၇၅ - ၈၀ မိသားစုတွေများတယ်။ ကလေးလူငယ်တွေလည်းအရမ်းများတယ်။ နောက်လက်ရှိက ၁၂ တန်းစာမေးပွဲဖြေနေတဲ့ကျောင်းသားတွေလည်းရှိတယ်။အရမ်းခက်ခဲတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီအဖွဲ့ဝင် ရန်ကုန်တိုင်းရဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
အိမ်တွေကိုဖယ်ရှားဖို့အတွက် ဦးဆောင်ပါဝင်သူတွေထဲမှာ (MEC) က အငြိမ်းစားစစ်တပ်အရာရှိ ဦးဇော်ဦး၊ ဗိုလ်ကြီးစိုးမင်းမောင်၊ မြို့နယ်ထွေအုပ်ရုံး၊ မြို့နယ်စည်ပင်နဲ့ရဲတပ်ဖွဲ့တို့ပါဝင်ကြတယ်လို့ အိမ်ဖျက်ခံလိုက်ရတဲ့ပြည်သူတွေက RFA ကိုပြောပါတယ်။
