အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အတည်ပြုခဲ့တဲ့၊ တရားရုံးတွေမှာတရားခွင်မစခင် တရားသူကြီးတွေက အမှုကိုမှန်မှန်ကန်ကန်စစ်ဆေးပါ့မယ်ဆိုပြီးကျမ်းသစ္စာကျိန်ဆိုရတဲ့ ဥပဒေပုဒ်မကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ်လ ၁၈ ရက်နေ့ကလက်မှတ်ထိုးပြီး ပယ်ဖျက်လိုက်ပါတယ်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ၊ ပုဒ်မ ခွဲ (ဂ) ထဲက ပုဒ်မခွဲ (၂) ကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
အဲဒီပုဒ်မကို ပယ်ဖျက်လိုက်တာကြောင့် တရားစီရင်ရေးအပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု လျော့သွားနိုင် တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
“ အမှုသည်တွေကျတော့ မှန်မှန်ကန်ကန်ထွက်ဆိုပါ့မယ်လို့ ကျမ်းကျိန်ပြီးတော့ တရားသူကြီးတွေကျတော့ ကျမ်းမကျိန်ဘဲနဲ့ အမိန့်ချချင်ရာချတာလားဆိုတဲ့ဟာ မေးခွန်းတွေပေါ်လာတယ်။ ပြည်သူတွေယုံကြည်ဖို့အတွက်ကို အရင်အစိုးရလက်ထက်က ပြဌာန်းခဲ့တာ။ အဲဒီတုန်းကတော့ စည်းလေးတစ်ခုဖြစ်သွားတာပေါ့။ ငါတို့ကျမ်းကျိန်ထားတာပါလား အမှန်အတိုင်းလုပ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့အသိလေးတစ်ခုထည့်ပေးလိုက်သလိုပေါ့။ အခုလိုပယ်ဖျက်လိုက်တော့ သူတို့ကျတော့ကျန်းမကျိန်ဘဲနဲ့ အမိန့်ချချင်ရာချလို့ရလားပေါ့ သူတို့ကျတော့အပစ်မရှိတော့ဘူးလာပေါ့ဗျာ မေးစရာဖြစ်လာတာပေါ့”
ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၁၀ ခုနှစ်မှာ လက်မှတ်ထိုး ပြဌာန်း ခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေထဲက တရားသူကြီးတွေကျမ်းကျိန်ရမယ်ဆိုတဲ့ ပုဒ်မခွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ် မေလမှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ဖြည့်စွက်ပြီး လွှတ်တော်ကတဆင့်အတည်ပြုပြဌာန်းခဲ့တာပါ။
အဲဒီနောက်ပိုင်း တရားရုံးတွေမှာ တရားသူကြီးတွေစုပေါင်းကျမ်းကျိန်တာနဲ့ တရားသူကြီးတစ်ဦးချင်းစီကလည်း တရားခွင်စချိန်မှာ နေ့တိုင်းကတိသစ္စာပြုရတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တရားရုံးတချို့မှာ အဲဒီလိုကျမ်းကျိန်တာမတွေ့ရတော့ဘူးလို့ ရှေ့နေတချို့ကပြောပါတယ်။
အရင်က အဲဒီပြဌာန်းချက်ကြောင့် တရားခွင်အတွင်း အဂတိလိုက်စားမှု အနည်းငယ်လျော့ကျလာတာကိုတွေ့ရ ပေမဲ့ အခု အဲဒီပြဌာန်းချက်ကိုပယ်ဖျက်လိုက်တဲ့အတွက် အဂတိလိုက်စားမှုတွေ ပြန်များလာနိုင်တယ်လို့ ရှေ့နေ တချို့က ဝေဖန်ပြောဆိုကြပါတယ်။
စစ်ကော်မရှင်ကတော့ ဒီပုဒ်မကို ဘာကြောင့်ပယ်ဖျက်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
