ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က ကျေးရွာလေးရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့ ခဲ့ပြီး လူသုံးဦးကိုပစ်သတ်ခဲ့သလို မတ်လ ၁၉ ရက်နေ့အထိ လူ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေ က RFA ကို ပြောပါတယ်။
ဖလံပင်ရွာမှာ အိမ် ၁၅၀ နီးပါး၊ ရှားစေးဖိုရွာမှာ ၁၅ အိမ်နီးပါးမီးရှို့ခံရပြီး သရက်ပုဂံရိုးရွာနဲ့ ငုတ်တစ်ရာရွာက မီးရှို့ခံရတဲ့အိမ်အရေအတွက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။
အသတ်ခံရတဲ့သူတွေက ဖလံပင်ရွာက အသက် ၄၈ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၅ နှစ် အရွယ် ဦးချစ်ထွန်း၊ အသက် ၆၅ နှစ် အရွယ် ဒေါ်ခင်ရီတို့ဖြစ်ပါတယ်။ လူ ငါးဦးလည်း ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။
နတ်တလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်အထိုင်ချနေတဲ့ မင်းဘူးကျွန်း ပျူစောထီးစခန်း၊ တောင်ညိုစခန်း၊ ဒမငယ်စခန်းနဲ့ ပျဉ်ပုံစခန်းက စစ်တပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်ဟာ မတ်လ ၁၆ ရက်နေ့မှာ ဖလံပင်ရွာကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီရွာကို မီးရှို့ခဲ့တာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲလည်းဖြစ်လည်းပြီးတော့ သူတို့တွေနောက်ကြောင်းပြန်ဆုတ်တာမှာ ရွာထဲအိမ်တွေက သူတို့လိုချင်တဲ့ ပစ္စည်းတွေယူပြီးတော့ အိမ်တွေကိုမီးရှို့ပြီးမှပြန်သွားတာပါ။ ဖလံပင်ကျေးရွာမှာက အိမ်ခြေပေါင်း သုံးရာ ကျော်ရှိတဲ့အထဲမှာ ၁၅၀ လောက် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။ ပြည်သူတွေလည်း သူတို့ ပစ်ခတ်လို့ သေဆုံးခဲ့တာလည်း ရှိပါတယ်ရှင့်”
ဒီလို စစ်ကြောင်းထိုးမီးရှို့တာကြောင့် ရှားစေးဖို၊ သရက်ပုဂံရိုး၊ ဖလံပင်၊ ကျောက်ဆွယ်၊ ညောင်ဝိုင်းနဲ့ ငုတ်တစ်ရာ ကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ နတ်တလင်းမြို့ပေါ်၊ ဘေးလွတ်ရာရွာတွေနဲ့ တောတောင်တွေထဲ ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့ အဝတ်အထည်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ပြောပါ တယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ နဲ့ ၁၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က နတ်တလင်းမြို့နယ် တောင်ညိုကွက် သစ် အောင်မြန်မာ (၁) ကွင်းစမ်းရွာနဲ့ ညောင်လှဈေးတန်းကအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ တစ်ရာခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
