နိုင်ငံကူးလက်မှတ်ဥပဒေသစ်က ဒီမိုကရေစီဘက်တော်သားတွေအပေါ် ကန့်သတ်မှုတွေတိုးလာ

ဒီဥပဒေအရ စစ်အာဏာသိမ်းအဖွဲ့ကိုဝေဖန်လိုက်တာနဲ့ Passport ပိတ်တာခံရနိုင်။

မတ်လ ၁၇ နေ့က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်နဲ့ ပြဌာန်းလိုက်တဲ့ “ နိုင်ငံကူးလက်မှတ်ဥပဒေသစ် ” ဟာ နိုင်ငံရေးအကျဥ်းသားဟောင်းတွေ၊ စစ်မှုထမ်းဥပဒေနဲ့အကြုံးဝင်နေတဲ့လူငယ်တွေ၊ စစ်တပ်အုပ်ချုပ်လွှမ်းမိုးတာကိုဆန့်ကျင်တဲ့သူတွေကို နည်းပညာနဲ့ထိန်းချုပ်ဖို့ ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်းတွေ ပြည်ပထွက်လို့မရအောင်ကန့်သတ်လိုက်တာကို အခန်း (၅) ပုဒ်မ ၂၉ မှာတွေ့ရပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးလုံးဝမရှိတော့ဘူးလို့ မကြာသေးခင်ကပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

‘၅၀ (ည) တွေ ၅၂ တွေ အခု လှုပ်မရတော့ဘူးလေ၊ ဒီဥပဒေထုတ်လိုက်တော့ သူတို့ ဘာလုပ်မှာတုန်း၊ ဘာမှလုပ်မရတော့ဘူး။ မင်းအောင်လှိုင်အုပ်ချုပ်မှုအောက် စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာနေနေရတဲ့သူတွေဟာ တစ်လုံးထဲချုပ်ပြောရရင် ခြင်းထဲကကြက်တွေပဲ။ ပေါက်ထွက်အောင်တော်လှန်ချင်ရင်တော်လှန်၊ မတော်လှန်ရင်သေဖို့ပဲရှိတယ်။ ဒါပဲရှိတယ်၊ လူ့အခွင့်အရေးဆိုတာဘာမှမရှိဘူး’’

ဒီဥပဒေဟာ စစ်အာဏာသိမ်းအဖွဲ့ကိုဆန့်ကျန်နေတဲ့ ပြည်တွင်းပြည်ပအင်အားစုတွေကို ဖိနှိပ်ချုပ်ချယ်နိုင်အောင်ပြဌာန်းလိုက်တာလို့ မြန်မာပို့စ်သတင်းဌာနအယ်ဒီတာချုပ် ကိုသန်းထိုက်သူ ကထောက်ပြပါတယ်။ အဲဒီအပြင် စစ်မှုထမ်းဥပဒေနဲ့အကြုံးဝင်နေတဲ့လူငယ်တွေကိုလည်းထိခိုက်လိမ့်မယ်လို့ သူကပြောပါတယ်။

“အတင်းအဓမ္မစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးအကြုံးဝင်နေတဲ့ပြည်သူတွေကို အလွယ် တကူထွက်သွားလို့မရအောင်၊ သူတို့မိဘတွေဆီကနေငွေညှစ်လို့ရအောင်၊ နည်းပညာတွေ၊ ဥပဒေတွေနဲ့ထိန်းကျောင်းပြီးတော့ ကျောင်းသားတွေပြည်သူတွေအလွယ်တကူပြည်ပထွက်မသွားရအောင် ဒီဟာကိုသွယ်ဝိုက်ပြဌာန်းတယ်လို့လည်း ပြောလို့ရပါတယ်”

ဒီဥပဒေအရ စစ်အာဏာသိမ်းအဖွဲ့ကိုဝေဖန်လိုက်တာနဲ့ Passport ပိတ်တာခံရနိုင်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက RFA ကိုပြောပါတယ်။

“ဒီဥပဒေထဲမှာ နိုင်ငံတော်လုံခြုံရေးကို နှောက်ယှက်တယ်လို့ယူဆရတဲ့သူတွေဆိုလို့ရှိရင် ပတ်စ်ပို့ထုတ်မပေးဘူးလို့ပါတယ်။ ဒါဆိုလို့ရှိရင် ပြည်တွင်းထဲမှာရှိတဲ့သူတွေပဲဖြစ်ဖြစ်၊ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုပဲဖြစ်ဖြစ်၊ စစ်အုပ်စုရဲ့လုပ်ရပ်တွေအပေါ်မှာ ဝေဖန်တာ ဆန့်ကျင်တာ ပြောဆိုကန့်ကွက်တာတွေလုပ်မယ်ဆိုလို့ရှိရင် ပတ်စ်ပို့ရနိုင်ချေမရှိတော့ဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်တယ်”

ဥပဒေသစ်ကြောင့် ပတ်စပို့ရဖို့အတွက် လာဘ်ပေးလာဘ်ယူမှုတွေပိုများလာနိုင်သလို ပြည်ပကိုတရားမဝင်ထွက်ဖို့ကြိုးစားသူတွေနဲ့ လူကုန်ကူးမှုတွေပိုများလာနိုင်တယ်လို့လည်း လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရန်ကုန်မြို့ကလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။

“ပတ်စ်ပို့လုပ်လိုက်လို့ရှိရင် သူတို့အကြောင်းအရာတွေကိုသိသွားပြီးတော့ အဖမ်းခံရနိုင်မလားပေါ့၊ ဖမ်းသွားမလား၊ တားထားမလား၊ ပိတ်ထားမလားဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာပြီးတော့ အောက်လမ်းကနေသွားဖို့ကြိုးစားတဲ့သူတွေ ပိုများလာမယ်လို့ထင်တယ်။ လူကုန်ကူးမှုတွေကလည်း အရင်ထက်ပိုပြီးတော့ ပိုများလာနိုင်တယ်"

ဒီဥပဒေကိုပြင်ဆင်နိုင်ဖို့ အခုလွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ်တွေမှာတာဝန်ရှိတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။

“ဒီဟာက ဘယ်သူ့မှာ တာဝန်ရှိသွားလဲဆိုတော့ အခုပေါ်လာတဲ့လွှတ်တော်မှာ အသီးသီးနေရာဌာနက ရွေးချယ်ခံထားရတဲ့ကိုယ်စားလှယ်တွေ Majority(အများစု) မဟုတ်ဘဲနဲ့ တခြားပါတီကနေပါတဲ့ ကိုယ်စားလှယ်တွေက ဒီဟာကို အခုတလောမှာခဲ့တဲ့ ပြဌာန်းထားပြီးသားဥပဒေတွေက ဘယ်လိုတွေ၊ အားနည်းမှုတွေ၊ ချွတ်ချော်မှုတွေရှိတယ်။ ထောက်ပြပြောဆိုပြီးတော့ အဆိုတင်သွင်း၊နောက်ဆုံးဥပဒေကို ပြင်ဆင်တဲ့အထိ လုပ်ဖို့ လိုတာပေါ့ဗျာနော"