ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ်ကို ဖြတ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ဒီဇယ်ဆီ ဂါလံ ၅၀၀၀ ကျော် မှောင်ခိုသယ်ယူဖို့ ကြိုးစားနေတဲ့ ၁၀ ဘီးကားတစ်စီးကို မဲဆောက်မြို့နယ် သာ့ဆိုင်လွတ်ရွာ အနီးမှာ ထိုင်းခရိုင်အာဏာပိုင်တွေက မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီ ၁၀ ဘီးကားဟာ မှောင်ခိုသယ်ဖို့ ပြုပြင်ထားတဲ့ ကားဖြစ်ပြီး ကားပေါ်မှာ ဒီဇယ်ဆီ ဂါလံ ၅၂၈၀ (လီတာ ၂၀၀၀၀) တင်ဆောင်ထားတယ်လို့ တာ့ခရိုင် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာကရေးပါတယ်၊။
ဒီဆီကားမောင်းသူနဲ့ဆက်စပ် ဖော်ထုတ်ရာမှာ အနီးအနားမှာရှိတဲ့ ဂိုထောင်တစ်ခုမှာ လောင်စာဆီ သိုလှောင်ထားတဲ့ ဂါလံ ၁၀၀၀ ထောင်ကျော်ဆန့်တဲ့ ဆီသိုလှောင်ကန် နှစ်ခု၊ ဂါလံ ၅၀ စီ ဆီဖြည့်ထားတဲ့ ဆီပုံး ၁၀၀ ကျော်၊ ဂါလံ ၂၀ စီ ဖြည့်ထားတဲ့ ပုံး ၈၀ ကျော်ဖမ်းဆီးမိတယ်လို့ သိရပါတယ်။
တာ့ခရိုင်မှာရှိတဲ့ ထိုင်းမြန်မာနယ်စပ်တလျောက် မြို့နယ် ငါးမြို့နယ်စလုံးမှာ လောင်စာဆီ မလုံလောက်မှုရှိနေပြီး တစ်ဖက်နိုင်ငံကို မှောင်ခိုတင်ပို့ရောင်းချတာဟာ ပြည်တွင်းလောင်စာဆီ ပြတ်လတ်မှုကို ပိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ပမာဏအများအပြား သိုလှောင်တာ၊ ပြည်ပကို လောင်စာဆီ တရားမဝင် မှောင်ခိုရောင်းချတာတွေကို တင်းတင်းကြပ်ကြပ် အရေးယူဖို့ ညွှန်ကြားထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
