ကနီမြို့နယ် ဆူလေကုန်းရွာ ဗုံးကြဲတိုက်ခိုက်မှု လူ တစ်ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ တိုက်လေယာဥ် ရှစ်စီးဖြင့် တစ်ပြိုင်နက် ဗုံးကြဲခြင်းဟု ‌ဒေသခံတွေပြောကြား။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို မတ်လ ၂၁ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်လေတပ်က လေကြောင်းကနေ ၁၃ ကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ပြီး ဒီလို တိုက်ခိုက်တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးအပါအဝင် ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒီနေရာကို တိုက်ပွဲမရှိဘဲနဲ့ အခုလို ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြည်တွင်းသတင်း ဌာနတွေကို ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ တံတားဦးလေဆိပ်က တိုက်လေယာဥ် လေးစီး၊ မိတ္ထီလာလေတပ်က တက်လာတဲ့ တိုက်လေယာဥ် နှစ်စီး၊ မကွေးလေတပ်ကတက်လာတဲ့ တိုက်လေယာဥ် နှစ်စီး၊ စုစုပေါင်း တိုက်လေယာဥ် ရှစ်စီးနဲ့ တစ်ပြိုင်နက် ဗုံးကြဲခဲ့တာဖြစ်ပြီး အထိအခိုက်များကြောင်း ဒေသခံတွေကို ကိုးကားပြီး MFP သတင်းဌာနက ရေးသားပါတယ်။

သေဆုံးထိခိုက်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး DVB သတင်းမှာ ဖော်ပြထားပါတယ်။