စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရသစ် ဖွဲ့ကာနီးအချိန် နှစ်ပတ်အတွင်းကာလမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၃၁၆ ဦး သေဆုံးခဲ့ တယ်လို့ မတ်လ ၂၁ နေ့က မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ BNI-Myanmar Peace Monitor က ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မတ်လ ၁၁ ရက်နေ့အထိ နှစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲပေါင်း ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ ၃၁၆ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀၁ ဦးနဲ့ စစ်ကော်မရှင်ဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေး တပ်သား ၅ ဦး၊ စုစုပေါင်း ၄၂၂ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ BNI-MPM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နှစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၄၂ ကြိမ်မှာ တနင်္သာရီတိုင်း ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ၄ ကြိမ်စီ၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားကာ ဒီတိုက်ပွဲတွေအတွင်းမှာ အရပ်သားပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် BNI-MPM ရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ်ကနေ အခုအချိန်အထိ နှစ်နှစ်အတွင်း စစ်သုံ့ပန်းစခန်း ဗုံးကြဲမှု ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၈၇ ဦး သေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ များလာတာကြောင့် စစ်ကောင်စီက အရပ်သားနဲ့ စစ်သုံ့ပန်း မခွဲခြားတော့ဘဲ အငြိုးအတေးနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အခုလို စစ်သုံ့ပန်းစခန်းတွေကိုပါ စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်လာတာဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်ချတာမျိုး မလုပ်ရဲအောင် ၊ ခြိမ်းခြောက်တဲ့ သတင်းစကား ပေးလိုက် တာ ဖြစ်သလို၊ တစ်ဖက်မှာလည်း စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ များလာတဲ့အတွက် အရပ်သားရယ်၊ စစ်သုံ့ပန်း ရယ် မခွဲခြားနိုင်တော့ဘဲ အငြိုးအတေးနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတာဖြစ်တယ်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ မတ်လ ၂၀ နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၇,၉၃၈ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
