စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင် မြောင်မြို့နယ် သောင်ကြီးရွာကို မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကော်မရှင် တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဒေသခံ အနည်းဆုံး ငါးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး MFP သတင်းက ရေးသားပါတယ်။
သေဆုံးသူတွေ နေအိမ်တွေနဲ့အတူ မီးလောင်သွားတဲ့အတွက် ကျား၊ မ၊ အသက်အရွယ်၊ မည်သူမည်ဝါ ခွဲခြားလို့မရသလို သတင်းရေးသားချိန် ညဘက်အထိ မီးလောင်နေတဲ့အိမ်တွေလည်း မီးငြိမ်းနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
သောင်ကြီးရွာဟာ မြောင်မြို့နယ် အနောက်ဘက်မှာရှိတာဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာလို့ သိရပါတယ်။ မုံရွာခရိုင်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ်ထဲမှာ တိုက်ပွဲမရှိပေမယ့် စစ်ကော်မရှင်ဘက်က ဒီဒေသက ကျေးရွာတွေကို နေ့စဥ်ရက်ဆက် လေကြောင်းကနေ တိုက်ခိုက်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
မတ် ၂၀ ရက်က သောင်ကြီးရွာနဲ့ တောင်ဘက်မှာရှိတဲ့ နဘက်ကျေးရွာကိုလည်း စစ်ကော်မရှင် တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မွေးကင်းစ ကလေးငယ်တစ်ဦးနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
