ချင်းပြည်နယ် ဟားခါးမြို့မှာ မတ်လ ၂၀ နေ့က စစ်ကော်မရှင် ဦးဆောင်ကျင်းပတဲ့ ပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပနေချိန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ဒရုန်းနဲ့အချိန်ကိုက် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
လွှတ်တော်အဆောက်အအုံ၊ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ တပ်စွဲထားတဲ့နေရာနဲ့ ကားတွေ အပါဝင် လွှတ်တော်အဆောက်အအုံပေါ်မှာ တပ်ထားတဲ့ jammer စက်ကိုပါ ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းဇကျုံးလျန်က RFA ကို မတ်လ ၂၂ ရက်နေ့က အတည်ပြု ပြောပါ တယ်။
“တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ လွှတ်တော်ကို လက်မခံဘူးဆိုတာ ပြသချင်တာကြောင့် စစ်ဆင်ရေးလုပ်ခဲ့တာပါ ၊ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပေမယ့် စာရင်းအတိအကျ မရသေးပါဘူး။ အဆောက်အအုံနဲ့ ကားတွေ ထိခိုက်မှုရှိခဲ့တယ်။ လွှတ်တော်အဆောက်အအုံပေါ်မှာ တပ်ထားတဲ့ jammer စက်ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်”
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးမှုစာရင်းကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီးနဲ့ လက်ရှိ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပူးကောလ်လျန်ထန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ဟားခါးဒေသခံတွေရဲ့ပြောဆိုချက်အရ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ရဲ့ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့လက်နက်ကြီးတွေအသုံးပြုပြီး ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
မတ်လ ၂ဝ ရက်နေ့မှာပဲ ချင်းပြည်နယ်လွှတ်တော်က ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ကနေ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ခံထားရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ် ပူးကောလ်လျန်ထန်းကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌကို မတူပီမြို့နယ်က ရွေးချယ်ခံခဲ့တဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးသန့်စင်ဦးကို ရွေးချယ်တင်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ဟာ ဖေဖော်ဝါရီ ၂၀ရက်နေ့ကလည်း ဟားခါးမြို့မှာ စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အခုလိုပဲ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
