ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကွတ်ခိုင်မြို့ကို တအာန်းတပ်ဖွဲ့ (TNLA)ဆီကနေ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းယူပြီး ပြည်ထောင်စုလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ TNLA ဂိတ်စခန်းတွေအပြင် တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေပါ ဖယ်ရှားပေး လိုက်ရတယ်လို့ ဒေသခံတွေက မတ်လ ၂၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ကွတ်ခိုင်မြို့နဲ့ မူဆယ်မြို့ကြား ကချင်လွတ်မြောက်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာရွာ အဝင်အထွက် ဂိတ်၊ နန့်ခိုင်တံတားက KIA ဂိတ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီး နမ့်အွမ်ရွာက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဂိတ်နဲ့ KIA စစ်ဆေးရေးဂိတ်တွေပါ ဖယ်ရှား ပေးရတာလို့ ဆိုပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံမှာလည်း TNLA တပ်ဖွဲ့က အလံပြန်ထောင်ခွင့်ရပေမဲ့ တပ်သားတွေ လက်နက်ကိုင်ဆောင်ခွင့်၊ စစ်ယူနီဖောင်းနဲ့ သွားလာလုပ်ရှားခွင့်မရှိတော့ဘဲ ရုံးလုပ်ငန်းတွေမှာပဲ ပါဝင်ခွင့်ရတော့တယ်လို့ TNLA နဲ့ နီးစပ်သူတစ်ဦးက ပြေပါတယ်။
နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ MNDAA နဲ့ အာရက္ခတပ်တော် (AA) တို့ နှစ်ဖွဲ့ကျန်ပေမဲ့ MNDAA ကပဲ ကုန်သွယ်ရေးကို ဦးဆောင်သွားဖွယ်ရှိတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နန့်အွမ်ရွာကျော်သွားရင် တစ်လျှောက်လုံးမှာ KIA က ထိုင်လိုက် SSPP ထိုင်လိုက် TNLA က ပြန်ထိုင်လိုက်နဲ့ ဂိတ်တွေများတယ်။ ကွတ်ခိုင်နဲ့ ၁၀၅ မိုင်ကြားမှာတင် ဂိတ်တွေ အနည်းဆုံး ခုနစ်ခု ရှစ်ခုလောက်ရှိတယ်။ အဲဒီဂိတ်တွေရော ကျင်စန်းကျော့က ဟာတွေရော၊ ကွတ်ခိုင်ကို ကိုးကန့်က အုပ်ချုပ်မယ်ဆိုတဲ့ သဘောတူညီချက်ရပြီး နောက်ရက်မှာပဲ ဂိတ်တွေ အကုန်ဖယ်လိုက်ရတယ်။ ပြောရရင် ကွတ်ခိုင်ကနေ မူဆယ် လမ်းကြောင်းတစ်လျှောက်လုံးမှာ ဘာဂိတ်မှရှိတော့ဘူး ကိုးကန့်က ထိန်းနိုင်လိုက်ပြီ။ အရင်ကတည်းကလည်း လောက်ကိုင်-ချင်းရွှေဟော်- ကွမ်လုံလမ်းပိုင်းလည်း အစကတည်းက ရထားပြီးသားဆိုတော့ ရှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းက MNDAA လက်ထဲရောက်သွားပြီဆိုတာ အဲဒါကြောင့်ပြောတာ”
ကုန်သွယ်ရေးလမ်းမပေါ်က အခွန်ကောက်တဲ့ဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ပေးလိုက်ရပေမဲ့ KIA နဲ့ SSPP တို့ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ ကျေးရွာတွေထဲမှာ ဆက်ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဂိတ်တွေဖယ်ပေးရာမှာ ရုန်းရင်းဆန်ခတ်အခြေနေတွေမရှိတာကြောင့် ဘယ်လိုသဘောတူညီချက်တွေနဲ့ ဖယ်ရှားပေးတာလဲဆိုတာကို သိနိုင်ဖို့ MNDAA၊ KIA နဲ့ SSPP တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဂိတ်စခန်းဖယ်ရှားရေးကိစ္စတွေ ပတ်သက်လို့ နှစ်ဖက်အဖွဲ့တွေ ဗဟိုအဆင့်ညှိုနှိုင်းဖို့လိုအပ်တယ်လို့ RFA ကို ပြောထားပါတယ်။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပေါ်က လားရှိုးမြို့ကို စစ်ကော်မရှင်က မြို့ပေါ်ရပ်ကွက် ၁၂ ခု ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်ဒေသနဲ့ နယ်မြေတစ်ခုလုံးကို MNDAA ဆက်လက်ထိန်း ချုပ်ထားပါတယ်။
ဒါကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံကနေ လားရှိုးမြို့ရှောင်လမ်းကတဆင့် လားရှိုး-သီပေါ လမ်းပိုင်း သီပေါမြို့ အဝင်အထိ MNDAA က ထိန်းချုပ်ထားနိုင်ပြီလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ တရုတ်နယ်စပ်ကတဆင့် တရုတ်ကုန်ပစ္စည်း သီပေါမြို့အထိ ကုန်စည်စီးဆင်းမှုရှိပေမဲ့ သီပေါမြို့အဝင် တံတားကနေ စစ်ကော်မရှင်တပ်က တရားမဝင်ကုန်ပစ္စည်းဆိုပြီး ပိတ်ဆို့ဖမ်းဆီးတာကြောင့် ကုန်သွယ်ရေးက ပြည်မအထိ စီးဆင်းမှုမရှိသေးဘူးလို့ ဆိုပါတယ်။
MNDAA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် မတ်လ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တို့ ဆွေးနွေးခဲ့ပြီး ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်ဖို့၊ ဖမ်းဆီးထားတဲ့ နှစ်ဖက် တပ်သားတွေလွှတ်ပေးဖို့နဲ့ မဟာမိတ်အဖြစ် ဆက်ရှိဖို့ သဘောတူညီခဲ့ပါတယ်။
